
၁။ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီသည် ၂၀၁၁ ခုနှစ် အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥပဒေ {ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၁၃/၂၀၁၁) } ပုဒ်မ (၁၃) ပါ သတ်မှတ်ပြဋ္ဌာန်း ချက်အရ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ အသင်းအဖွဲ့များဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေများနှင့်အညီ မှတ်ပုံတင်၍ အသေးစားငွေရေးကြေးရေး လုပ်ငန်းဆောင်ရွက်လိုသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီများ၊ အစုစပ် ကုမ္ပဏီများ၊ INGO များနှင့် NGO များအား သတ်မှတ်စံနှုန်းများနှင့်အညီ စိစစ်၍ အသေးစားငွေရေးကြေးရေးလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် များကို ခွင့်ပြုပေးခဲ့ပါသည်။
၂။ ၂၀၂၃ ခုနှစ် မေလအထိ မြန်မာနိုင်ငံတွင် အသေးစားငွေရေး ကြေးရေး လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ဖြင့် လုပ်ငန်းဆောင်ရွက် နေသော အသေးစားငွေရေးကြေးရေးအဖွဲ့အစည်း (၁၈၀) ဖွဲ့သည် တိုင်းဒေသကြီး/ပြည်နယ်(၁၅)ခုရှိ မြို့နယ် (၂၆၇)၊ ရပ်ကွက်(၂၃၀၈)နှင့် ကျေးရွာ(၂၇၇၇၃)တို့တွင် အသင်းဝင်ဦးရေ (၄ ဒသမ ၄၉၆) သန်းကျော် အား အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုများ ဆောင်ရွက် ပေးလျက်ရှိပါသည်။
၃။ အမေရိကန်ပြည်ထောင်စု Delaware ပြည်နယ်အခြေစိုက် INGO အဖွဲ့အစည်းတစ်ခုဖြစ်သည့် Pact Global Microfinance Fund (PGMF) သည် ပြည်ထဲရေးဝန်ကြီးဌာနတွင် ၂၀၁၂ ခုနှစ်၌ INGO အဖြစ်မှတ်ပုံတင်၍ မြန်မာနိုင်ငံတွင် အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီသို့ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် လျှောက်ထားခဲ့ပြီး ကြီးကြပ်မှုကော်မတီက ၂၂-၆-၂၀၁၂ ရက်နေ့ တွင် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အမှတ် (၀၀၂၂/၂၀၁၂) ဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့်ပြုခဲ့ပါသည်။
၄။ INGO နှင့် NGO အဖြစ်မှတ်ပုံတင်၍ အသေးစားငွေရေးကြေးရေး လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရယူထားသည့် အဖွဲ့အစည်းများသည် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ (၂၀၁၄) နှင့် (၂၀၂၂) ပါ ပြဋ္ဌာန်းချက်များအရ အကျိုးအမြတ် ရယူဆောင်ရွက်သည့် ငွေရေး ကြေးရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်မရှိသောကြောင့် အသေးစား ငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီက ၂၀၁၈ ခုနှစ်မှ စတင်၍ INGO ၊ NGO အဖွဲ့အစည်းများအား ကုမ္ပဏီအဖြစ် ပြောင်းလဲ ဖွဲ့စည်းရေးဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသည်။
၅။ PGMF အသေးစားငွေရေးကြေးရေးအဖွဲ့အစည်းအနေဖြင့် INGO မှ ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းရေး လုပ်ငန်းစဉ်များအား သတ်မှတ် ကာလအတွင်း အချိန်မီပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသော အသေးစားငွေရေး ကြေးရေးလုပ်ငန်းများအား ရုပ်သိမ်း၍ စာရင်းရှင်းလင်း ဖျက်သိမ်း ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၁၁-၇-၂၀၂၃ ရက်နေ့တွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ သို့ အကြောင်းကြားစာ ပေးပို့တင်ပြခဲ့ပါသည်။
၆။ အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအနေ ဖြင့် PGMF အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း၏ စာရင်း ရှင်းလင်းဖျက်သိမ်းရေး ဆောင်ရွက်ရန် တင်ပြမှုအပေါ် အသေးစား ငွေရေးကြေးရေးလုပ်ငန်းဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
၇။ ယခုအခါ အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ၏ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ခွင့်ပြုချက်ရရှိထားသည့် အသေးစားငွေရေးကြေးရေး အဖွဲ့အစည်း (၁၇၉) ဖွဲ့သည် မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင် အသေးစားငွေရေးကြေးရေးဝန်ဆောင်မှုများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း အသိပေးထုတ်ပြန် အပ်ပါသည်။
အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန