
နေပြည်တော် မတ် ၁၂
(၁၅) ကြိမ်မြောက် အာဆီယံပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးနှင့် (၁၈) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး (15th ASEAN Ministers’ Responsible for Information and its related Meetings) (15th AMRI) အား ယနေ့နံနက်ပိုင်းက အလှည့်ကျဥက္ကဋ္ဌ ဖြစ်သည့် ထိုင်းနိုင်ငံမှ ဗီဒီယိုအစည်းအဝေးစနစ်ဖြင့် ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးသည်။
အစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ပြန်ကြားရေး ဝန်ကြီးများ၊ ပြန်ကြားရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပူးတွဲကြေညာချက်ထုတ်ပြန်
ယခုနှစ် ကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အစည်း အဝေး၊ (၁၈)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေး များ၏ ဆောင်ပုဒ် (Theme) မှာ “ASEAN: A Digital Community with Accessibility for All” (လူတိုင်းလှမ်းမီ ရပ်ဝန်းသည် အာဆီယံဒစ်ဂျစ်တယ် အသိုက် အဝန်းဆီ) ဖြစ်ပြီး အာဆီယံနိုင်ငံ အလိုက် ပြန်ကြားရေးဝန်ကြီးများ က ၎င်း Th eme အပေါ်တွင်အခြေခံ ၍ အာဆီယံပြန်ကြားရေးကဏ္ဍ ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ အပေါ် သဘောထားအမြင်များ ဆွေးနွေးဖလှယ်ခဲ့ကြကာ အာဆီယံ ပြည်သူများအကြား ဒစ်ဂျစ်တယ် သိနားလည်မှုဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုမူဘောင် သဘောတူညီ ချက်၊ အာဆီယံဒစ်ဂျစ်တယ် နည်းပညာဖြင့် ရုပ်သံထုတ်လွှင့် ရာတွင် လူတန်းစားမရွေးအားလုံး ပါဝင်အသုံးပြုနိုင်ရေး မူဘောင် သဘောတူညီချက်နှင့် (၁၅)ကြိမ် မြောက် အာဆီယံပြန်ကြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ဆိုင်ရာ ပူးတွဲကြေညာချက်တို့ အား ထုတ်ပြန်ကြေညာကြသည်။
AMRI အစည်းအဝေးများကို ၁၉၈၉ ခုနှစ်မှစ၍ နှစ်နှစ် တစ်ကြိမ် နိုင်ငံအက္ခရာစဉ်အလိုက် ကျင်းပ လေ့ရှိပြီး (၁၂) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီး များ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ (12th AMRI) ကို ၂၀၁၄ ခုနှစ်တွင် နေပြည်တော် တွင်လည်းကောင်း၊ (၁၃) ကြိမ် မြောက် အာဆီယံပြန်ကြားရေး အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (13th SOMRI) ကို ဧရာဝတီတိုင်းဒေသကြီး ငွေဆောင် တွင်လည်းကောင်း ပြန်ကြားရေး ဝန်ကြီးဌာနက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
အဆိုပါ AMRI အစည်းအဝေး များကို အာဆီယံဒေသတွင်း သတင်းပြန်ကြားရေး ဆိုင်ရာ လုပ်ငန်းများမှတစ်ဆင့် အဖွဲ့ဝင် နိုင်ငံများအကြား အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုတိုးပွား ခိုင်မာလာစေရေး လုပ်ငန်းများ ကို အဓိကထား ဆောင်ရွက်နိုင် ရေးအတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။
ဆက်လက်ကျင်းပ
AMRI အစည်းအဝေးများတွင် အာဆီယံ ပြန်ကြားရေးဆိုင်ရာ စီမံကိန်းများ၊ ဆက်စပ်သည့် အာဆီယံ အစည်းအဝေးများမှ ဆုံးဖြတ်ချက်များနှင့် လက်ရှိ လုပ်ငန်းစဉ်များအပေါ် သုံးသပ် ဆွေးနွေးခြင်း၊ ရှေ့လုပ်ငန်းစဉ်များ အတွက် စီမံကိန်းများလျာထား ခြင်း၊ အာဆီယံပြန်ကြားရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များ အစည်းအဝေးအစီရင်ခံစာ အပေါ် အာဆီယံပြန်ကြားရေး ဝန်ကြီးများက ပြန်လည်သုံးသပ် ပြီး အကြံဉာဏ်များ ထပ်ဆောင်း ထည့်သွင်းခြင်း၊ အတည်ပြုခြင်း များ ဆောင်ရွက်လေ့ရှိသည်။
ပုံမှန်အားဖြင့် AMRI အစည်း အဝေးကို အာဆီယံပြန်ကြားရေး ကဏ္ဍဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများအဆင့် အစည်းအဝေး (Senior Officials’ Meeting-SOMRI) နှင့် ဆွေးနွေးဖက် သုံးနိုင်ငံပါဝင်သည့် ပြန်ကြားရေး ဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များအဆင့် အစည်းအဝေး (SOMRI+3)တို့ကို ၂ ရက်ကြာ ကျင်းပပြီး အာဆီယံပြန်ကြားရေး ဝန်ကြီးများအဆင့် အစည်း အဝေး (ASEAN Minister Res-ponsible for Information-AMRI) နှင့် ဆွေးနွေးဖက်သုံးနိုင်ငံ ပါဝင်သည့် ဝန်ကြီးများအဆင့် အစည်းအဝေး (AMRI+3) တို့ကို လည်း အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအပြီးတွင် ၁ ရက် ကြာ ဆက်လက်ကျင်းပလေ့ ရှိသည်။
ယခုအခါ ကမ္ဘာအနှံ့ဖြစ်ပွား လျက်ရှိသည့် COVID-19 အခြေ အနေကြောင့် ခရီးသွားလာမှု ကန့်သတ်ချက်များ ရှိသဖြင့် အိမ်ရှင် ထိုင်းနိုင်ငံက ဗီဒီယို အစည်းအဝေးစနစ်ဖြင့် စီစဉ် ကျင်းပခြင်းဖြစ်သည်။
(၁၆) ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို ၂၀၂၃ ခုနှစ် တွင် ဗီယက်နမ်နိုင်ငံက လက်ခံ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်