
နေပြည်တော် မတ် ၅
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ဆန်စပါးဝယ်ယူ ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက နိုင်ငံတော်အနေဖြင့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ နှစ်စဉ်အခြေခံ ရည်ညွှန်းစပါးဈေးနှုန်းကို ထုတ်ပြန်ကြေညာပြီး စပါးပေါ်ချိန်တွင် အခြေခံရည်ညွှန်းစပါး ဈေးနှုန်း အောက် ကျရောက်သည့် ဒေသများ၌ တောင်သူ လယ်သမားများထံမှ စပါးဝယ်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင်လည်း အခြေခံရည်ညွှန်းစပါးဈေးနှုန်းကို စပါးတင်း ၁၀၀ လျှင် ငွေကျပ် ၅၂၀,၀၀၀ ကြေညာခဲ့ပြီး မိုးစပါး စတင်ထွက်ပေါ်လာသည့် အောက်တိုဘာ၊ နိုဝင်ဘာ လများတွင် အခြေခံရည်ညွှန်း စပါးဈေးနှုန်းအောက် လျော့နည်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် စပါးတင်း နှစ်သိန်း ကိုးသောင်းကျော်ကို အခြေခံရည်ညွှန်း စပါးဈေးနှုန်း ဖြင့် တောင်သူများထံမှ ဝယ်ယူပေးခဲ့ပါကြောင်း၊ မကြာမီကာလအတွင်း နွေစပါးများ ထွက်ပေါ်လာ တော့မည်ဖြစ်၍ တိုင်းဒေသကြီး/ ပြည်နယ် စပါး၊ ဆန်ဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်းအဖွဲ့များအနေ ဖြင့် လိုအပ်ပါက စပါးဝယ်ယူပေးနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားကြရန် မှာကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြ သူများက တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအရ ဆောင်ရွက်သည့် စပါး၊ ဆန်ဝယ်ယူရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် မကြာမီကာလအတွင်း နွေစပါးများ ထွက်ပေါ်လာတော့မည်ဖြစ်၍ တောင်သူ များ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် ကာမိစေရေး နှင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိစေရေး ကြိုတင်မျှော်မှန်း၍ အစီအမံများ ရေးဆွဲဆောင်ရွက် နိုင်ရန် ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး ဆွေးနွေးအကြံပြုချက်များကို ပြည်ထောင်စုဝန်ကြီး က ပေါင်းစပ်ညှိနှိုင်းပေးသည်။
အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဧရာဝတီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်း ရှင်များအသင်း၊ ဧရာဝတီတိုင်းဒေသကြီး စပါး၊ ဆန် ဝယ်ယူကြီးကြပ်မှုလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်၊ ဧရာဝတီတိုင်း ဆန်စက်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ကြကြောင်း သိရသည်။
သတင်းစဉ်