
နေပြည်တော် မတ် ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဖေဖော်ဝါရီ ၈ ရက်တွင် ပြည်သူလူထုသို့ ပြောကြားခဲ့သည့် မိန့်ခွန်းအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ ဝန်ထမ်းများသို့ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာအစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့် ပြုလုပ်သည်။
တွေ့ဆုံပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်အဆင့်ဆင့်ရှိ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ပါတီစုံဒီမိုကရေစီလမ်းကြောင်း
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက တပ်မတော်သည် ခေတ်အဆက်ဆက် ပြည်သူနှင့် ပတ်သက်လာလျှင် “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဆိုသည့် ဆောင်ပုဒ်ကို ဦးထိပ်ထား ဆောင်ရွက်ခဲ့သော အဖွဲ့အစည်းလည်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကိုလည်း မဖောက်မပြန် ခိုင်ခိုင်မာမာ ရပ်တည် နေသည့် အဖွဲ့အစည်းလည်းဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာလျက်ရှိသည့် အဖွဲ့ အစည်းတစ်ခုလည်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ခေတ် အဆက်ဆက် ပြည်သူများ လိုလားတောင်းဆိုသည့် “ပါတီစုံဒီမိုကရေစီ စနစ်”ကို တည်ငြိမ်အေးချမ်းစွာ အသွင်ကူးပြောင်းပေးခဲ့ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းကို လျှောက် လှမ်းပြီးနောက် ကြားဖြတ်ရွေးကောက်ပွဲများအပါအဝင် ရွေးကောက်ပွဲ များကို ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်တို့တွင် လေးကြိမ် ကျင်းပခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးကာလ တွင် အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ခဲ့ကြောင်း။
မဲစာရင်းများဖြေရှင်းပေးရန် တောင်းဆို
နိုင်ငံရေးပါတီများအနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တရားမျှတမှုရှိစေရန်၊ ဖြေရှင်းပေးရန် UEC ကို ရွေးကောက်ပွဲမတိုင်မီ ကတည်းက တောင်းဆိုမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း ဆောင်ရွက်ပေးခြင်းမရှိခဲ့သဖြင့် တပ်မတော်ကို အကူအညီတောင်းခံ ခဲ့ကြောင်း၊ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေ“၂၀၀၈ ခုနှစ်” ပြဋ္ဌာန်း ချက်များနှင့်အညီ UEC၊ လွှတ်တော်နှင့် သမ္မတတို့ထံ မဲစာရင်းများ ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် အကြောင်း အမျိုးမျိုးပြပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများ ပျက်ကွက် ခဲ့သဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ထိန်းသိမ်း စောင့်ရှောက်နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ “၂၀၀၈ ခုနှစ်” နှင့်အညီ နိုင်ငံတာဝန်များ ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တာဝန် ကို ထမ်းဆောင်နေစဉ် ရှေ့ဆက်ဆောင်ရွက်မည့် အချက် (Road Map) ၅ ချက်ကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါ ၅ ချက်နှင့် အညီ ဆောင်ရွက်နေကြောင်းတို့ကို အသေးစိတ် ထပ်ဆင့်ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြည်သူလူထုသို့ ပြောကြားခဲ့သည့်မိန့်ခွန်းပါ အချက် အလက်များနှင့် ရှေ့လုပ်ငန်းစဉ် (Road Map) ၅ ရပ်တို့ကို မိမိတို့၏ ဝန်ထမ်းများကို ထပ်ဆင့်ရှင်းလင်းပေးရန်နှင့် အရာထမ်း၊ အမှုထမ်းများ အနေဖြင့် ဦးတည်ချက် ၉ ရပ်ကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက် ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်