
နေပြည်တော် မေ ၃၁
ဥပဒေအရာရှိ အဆင့်-၄ (အစမ်းခန့်)များ လုပ်ငန်းခွင်ဝင်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက သင်တန်းတွင် ရုံး လုပ်ငန်းဆိုင်ရာကိစ္စများ၊ ဘတ်ဂျက်နှင့် ငွေစာရင်းဆိုင်ရာကိစ္စများ၊ တရားစွဲနှင့် အမှုလိုက်ဆိုင်ရာကိစ္စများ၊ ဥပဒေရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်လျက်ရှိသည့် မဟာဗျူဟာစီမံကိန်းများ၊ ဥပဒေအရာရှိကျင့်ဝတ်များ၊ မျှတသောတရားစီရင်ရေးဆိုင်ရာ စံနှုန်းများ အကြောင်းကို အတွေ့အကြုံရင့်ကျက်သည့် ဆရာ ဆရာမများကိုယ်တိုင် ပြည့်ပြည့်စုံစုံ သင်ကြားပို့ချပေးခဲ့သည့်အပြင် ပြင်ပ ပညာရှင်များ၊ မှုခင်းရဲတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်ကြီးတို့ကို ဖိတ်ခေါ်၍ ပို့ချပေးခဲ့ခြင်းတို့ ကြောင့် ဥပဒေအရာရှိအဖြစ် နိုင်ငံတော်ကိုယ်စား အမှုလိုက်ပါ ဆောင်ရွက်မည့်သူများအတွက် တန်ဖိုးမဖြတ်နိုင်သော အသိပညာ ဗဟုသုတများ ပေးလိုက်နိုင်ပါကြောင်း၊ သရုပ်ပြတရားခွင်ကို အမှုလိုက် အတွေ့အကြုံ များစွာရှိသော ဥပဒေအရာရှိများက သရုပ်ပြလေ့ကျင့်ပေးခဲ့ ပါကြောင်း၊ ယခုသင်တန်းက သင်ကြားပို့ချပေးလိုက်သည့် အသိပညာ ဗဟုသုတများကို မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံးလိုက်နာ ဆောင်ရွက်ခြင်းဖြင့် အရည်အသွေးပြည့်ဝပြီး တာဝန်ကိုကျေပွန်စွာ ဆောင်ရွက်နိုင်သော ဥပဒေအရာရှိကောင်းများ ဖြစ်လာကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းကသင်ကြားပို့ချပေးလိုက်သည့် ပညာများ ကို အခြေခံကာ မိမိတို့ကိုယ်တိုင် စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး ပေးအပ်သည့် တာဝန်ကို တာဝန်ကျရာ ဒေသအသီးသီးတွင် ကျေကျေပွန်ပွန် ထမ်းဆောင်ရင်း ဥပဒေရေးရာဝန်ကြီးဌာနနှင့် နိုင်ငံတော်၏ဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်သွားမည့် ဥပဒေအရာရှိများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ တာဝန်ရှိသူများ၊ သင်တန်းဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။ သတင်းစဉ်