
နေပြည်တော် မေ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေ ဖြန့်ချိလျက်ရှိသည်။
၂၇ -၅ - ၂၀၂၃ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၅)၊ အမှတ်(၂၁)တွင် ဉာဏ်ပညာကြီးမားသည့် မင်းသားလေး ဒိဗ္ဗနှင့် စကားကို ချိုသာယဉ်ကျေးစွာ ပြောဆိုပါက တိရစ္ဆာန်ပင် ကျိုးနွံယဉ်ပါးလာပုံအကြောင်းကို တင်ဆက်ထားသည့် “နန်းညွန့် ရတနာ” မျက်နှာဖုံးကာတွန်း၊ ကလေးများ နေ့စဉ်ကြုံတွေ့နေရသော နေထိုင်စားသောက်မှုနှင့်သက်ဆိုင်သော အီကော်နောမစ်(Economic) အကြောင်းကို တင်ဆက်ထားသည့် “ကစ်ဒီနောမစ် (Kiddynomics)” သုတဆောင်းပါး၊ သဘာဝအရ ကျောကုန်းပေါ်၌ အခွံမာပါရှိ၍ အသွား နှေးသောလိပ်ကို ကဲ့ရဲ့ဝေဖန်ကြရာမှ ဒုက္ခနှင့်ကြုံတွေ့ချိန်တွင် အမြင်မှန်ရသွားသော ဖားနှင့် ငါးလေးတို့အကြောင်းကို တင်ဆက် ထားသည့် “ လိပ်နှင့်ဗျိုင်း” နှစ်မျက်နှာကာတွန်း မိမိမသိရှိသေးသော အကြောင်းအရာများကို အခြားသူများကို မေးမြန်းဆောင်ရွက်သင့် ကြောင်း တင်ဆက်ထားသည့် “မသိလျှင်မေးတတ်စေချင်သည်” ဝတ္ထု၊ မည်သည့်အရာမဆို ပျက်သည့်အချိန်မှ ပြင်မည့်အစား မပျက်စီး ခင်ကပင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်ကြောင်း တင်ဆက် ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာကာတွန်း၊ သူတစ်ပါးကို ဒုက္ခရောက်စေရန် လှည့်ဖြားပြောဆိုပါက မိမိတွင်လည်း ဒုက္ခရောက်ရပုံအကြောင်းကို တင်ဆက်ထားသည့် “လှည့်ဖြားတတ်တဲ့ မျောက်” ပုံပြင်၊ သူတစ်ပါးကို ကဲ့ရဲ့လွန်းသဖြင့် မိတ်ဆွေမရှိဘဲ အထီးကျန်စွာနေထိုင်ရသော ရှဉ့်လေးအကြောင်းကို တင်ဆက်ထား သည့် “အထီးကျန်” နှစ်မျက်နှာကာတွန်း၊ မြေးကိုချစ်လွန်း၍ အလိုလိုက်ထားရာမှ ဒုက္ခရောက်ရပုံကို အတုယူဖွယ်တင်ဆက်ထား သည့် “ရွှေပိုး-ဘိုးဘိုးချစ်” နှစ်မျက်နှာ ကာတွန်း၊ Preposition အချို့၏ အသုံးအနှုန်းများကို လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက် ထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာကဏ္ဍ၊ ဉာဏ်စမ်း ကဏ္ဍနှင့် ကဗျာကဏ္ဍတို့အပါအဝင် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန် စာအုပ်အရောင်းဆိုင် များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။ သတင်းစဉ်