
နေပြည်တော် မေ ၂၄
ရန်ကုန်မြို့သို့ရောက်ရှိနေသည့် တပ်မတော်(ရေ)မှ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၃) ကျိုင်းတုံစခန်း၊ မြိတ်စခန်း၊ ကျွန်းစုစခန်း၊ အင်းယားစခန်းနှင့် ကိုကိုးကျွန်းစခန်း တို့မှ သင်တန်းသား သင်တန်းသူများသည် သင်တန်း နည်းပြများ၊ အုပ်ချုပ်သူများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မှော်ဘီလေတပ်စခန်းသို့ လေ့လာရေးခရီး သွားရောက် ကြသည်။ ဦးစွာ လေကြောင်းနှင့် အာကာသသိပ္ပံပညာရပ်များ၊ လေယာဉ်ပျံသန်းမှုနှင့် သက်ဆိုင်သော အထွေထွေဗဟုသုတများကို တပ်မ တော်(လေ)မှ တာဝန်ရှိသူများက ရှင်းလင်းပြောကြား ကြသည်။
လက်တွေ့လိုက်ပါစီးနင်း
ထို့နောက် ရေကြောင်းလူငယ် သင်တန်းသား သင်တန်းသူများ လေယာဉ်ပျံသန်းမှု အတွေ့အကြုံရရှိ စေရန် တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်သော Y-12 လေယာဉ်တို့ဖြင့် အလှည့် ကျ လက်တွေ့လိုက်ပါစီးနင်းကြပြီး လေယာဉ်ပျံသန်း စီးနင်းရာတွင် လိုက်နာရမည့်အချက်များနှင် လေကြောင်းဆိုင်ရာ အတွေ့အကြုံများကို တာဝန်ရှိ သူများက လေယာဉ်ပေါ်၌ ရှင်းလင်းပြသခဲ့ကြသည်။
အသေးစိတ်ရှင်းလင်း
ဆက်လက်ပြီး ကျောက်ဖြူစခန်း၊ စစ်တွေ စခန်း၊ ပုသိမ်စခန်း၊ မော်လမြိုင်စခန်း၊ ဟိန်းဇဲစခန်း နှင့် မန္တလေးစခန်းတို့မှ ရေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများသည် လှိုင်မြို့နယ်ရှိ နျူကလီးယား နည်းပညာသတင်းအချက်အလက် စင်တာသို့ သွားရောက်လေ့လာကြသည်။ ထိုသို့ လေ့လာရေးခရီးလာရောက်ကြသော ရေကြောင်း လူငယ်သင်တန်းသား၊ သင်တန်းသူများအား နျူကလီးယား နည်းပညာသတင်းအချက်အလက် စင်တာမှ တာဝန်ရှိသူများက ပြခန်း ခန်းမဆောင်တွင် ပြသထားသော နျူကလီးယားနည်းပညာအသုံးပြု၍ ရောဂါရှာဖွေမှု(တိုမိုဂရမ်) နမူနာပုံစံ၊ အသေးစား လျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုအမျိုးအစားတစ်ခုဖြစ်သော RITM-200 ၏ အတွင်းပိုင်း ပါဝင် ပစ္စည်းများနှင့် အလုပ်လုပ်ပုံပြ နမူနာပုံစံ၊ ခန္ဓာကိုယ် ၏ ဓာတ်ရောင်ခြည်ပမာဏကို တိုင်းတာပြီး သဘာဝ ပတ်ဝန်းကျင်ရှိ အရာဝတ္ထုပစ္စည်းများတွင် ပါရှိသည့် ဓာတ်ရောင်ခြည်ပမာဏနှင့် နှိုင်းယှဉ်ဖော်ပြပေးသည့် Radiometer စက်၊ နျူကလီးယား နည်းပညာဆိုင်ရာ အခြေခံအကြောင်းအရာများကို မေးခွန်းများမေး၍ဖြေကြားနိုင်သည့် ပဟေဠိဂိမ်းစနစ်၊ သဲ၊ ကျောက်၊ ဘိလပ်မြေစသည့် သဘာဝပတ်ဝန်းကျင်ရှိ အရာဝတ္ထု များတွင် ထွက်ရှိလျက်ရှိသော ရေဒီယိုသတ္တိကြွမှုကိုတိုင်းတာဖော်ပြပေးသည့်စက်၊ နျူကလီးယား ဓာတ်ပေါင်းဖိုတစ်ခု၏ အတွင်းပိုင်းပါဝင်ပစ္စည်းများနှင့် အဆင့်ဆင့်တည်ဆောက်ပုံကို 3D Virtual နည်းပညာဖြင့် ပုံဖော်ပြသသည့်ပုံစံငယ်နှင့် လေအား အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် Wind tubine နမူနာပုံစံငယ်တို့ကို အသေးစိတ်ရှင်းလင်း ပြောကြားသည်။
လေ့လာကြည့်ရှု
ထို့နောက် ဗီဒီယိုပြခန်းမဆောင်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များကို ဂုဏ်ပြုသရုပ်ဖော်ပြသသည့်သီချင်း MTV ၊ အသေးစားလျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖို များ၏ အရေးပါမှုနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM ၏ အသေးစား လျှပ်စစ်ဓာတ်အားထုတ် ဓာတ်ပေါင်းဖိုတည်ဆောက်မှုအတွေ့အကြုံများ ရှင်းလင်းတင်ပြမှု ဗီဒီယိုပြကွက်၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည် ဆိုင်ရာ အခြေခံအကြောင်းအရာများကို မြန်မာ ဘာသာဖြင့် ရှင်းလင်းပြောကြားထားသည့် ပြကွက် များ၊ နျူကလီးယားနည်းပညာဖြင့် ကျန်းမာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ပညာရေး၊ စက်မှုလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကဏ္ဍအသီးသီးတွင် လက်တွေ့ကျကျအသုံးပြုနေ ခြင်းဆိုင်ရာ ပိုစတာများကို လေ့လာကြည့်ရှုခဲ့ကြ ကြောင်း သတင်းရရှိသည်။ သတင်းစဉ်