မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများ ထောက်ပံ့ကူညီနိုင်ရန် ရန်ပုံငွေ ပဒေသာကပွဲ ပြုလုပ်ရေး ညှိနှိုင်းဆွေးနွေး

 

ရန်ကုန်   မေ  ၂၃
မိုခါမုန်တိုင်းဒဏ်သင့်ပြည်သူများကို   ထောက်ပံ့ကူညီနိုင်ရန်အတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် အစည်းအရုံးများ ပူးပေါင်း၍ ရန်ပုံငွေပဒေသာကပွဲ ပြုလုပ်နိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မေ ၂၂ရက်က မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရုပ်ရှင်ရုံခန်းမ၌ ပြုလုပ်သည်။ 
ညှိနှိုင်းအစည်းအဝေးသို့ ရုပ်ရှင်အစည်းအရုံးနာယကများ၊ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့များ၊ ဂီတအစည်းအရုံးနှင့် သဘင်အစည်းအရုံးမှ တာဝန်ရှိသူများ၊  ဖိတ်ကြားသည့်ဧည့်သည်များ  တက်ရောက်ကြသည်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌက အမှာစကားပြောကြားရာ တွင် ရန်ပုံငွေပဒေသာကပွဲကို ရုပ်ရှင်၊ ဂီတ၊ သဘင် ပူးပေါင်း၍ လာမည့် ဇွန် (၂၊ ၃၊ ၄)ရက်များတွင် အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ ကပြ ဖျော်ဖြေ မည်ဖြစ်ကြောင်း၊ ဖျော်ဖြေရေးကော်မတီ၊ အလှူငွေလက်ခံရေးအဖွဲ့နှင့် ပြန်ကြားရေးကော်မတီ၊  ကြိုဆိုနေရာချထားရေးကော်မတီ စသည်ဖြင့် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ကြောင်း၊ မီဒီယာများကလည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင်  တစ်ဖက်တစ်လမ်းက ကူညီပေးစေလို ကြောင်း၊ နေ့ရက်အလိုက် ကပြဖျော်ဖြေမည့် အစီအစဉ် မူကြမ်းကို ပြုစုထားပါကြောင်း၊ အားလုံးက ဝိုင်းဝန်းကူညီပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်း ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးကြောင်း သိရသည်။                               သတင်းစဉ်