နေပြည်တော်ရှိ Sinma Living Mall ၌ လျှပ်စစ်သုံးယာဉ်များကို အများပြည်သူများ လေ့လာဝယ်ယူနိုင်ရန် ပြသလျက်ရှိ

 

နေပြည်တော်   ဧပြီ  ၂၈


အမျိုးသားအဆင့်    လျှပ်စစ်သုံး ယာဉ်နှင့်   ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး   ဦးဆောင် ကော်မတီ၏    လမ်းညွှန်ချက်နှင့် အညီ    မြန်မာနိုင်ငံသို့  တင်သွင်း ရောက်ရှိပြီးဖြစ်သည့် လျှပ်စစ်သုံး ယာဉ်များကို  အများပြည်သူများလေ့လာနိုင်ရန်နှင့်     မျက်မြင် ကြည့်ရှုပြီး ဝယ်ယူနိုင်ရန်အတွက်နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဥတ္တရသီရိလမ်းနှင့်   ဇေယျဌာနီ လမ်းထောင့်ရှိ   Sinma   Living Mall ၌ EV Mall အဖြစ်ပြသလျက် ရှိသည်။ 

 


အဆိုပါ Sinma Living Mall ရှိ EV Mall  ၌ နိုင်ငံတကာထုတ် EV ယာဉ်အမျိုးအစားများအနက် ကုမ္ပဏီ ခုနစ်ခုမှ Brand ၁၁ မျိုး ကားအစီးရေ  ၁၂ စီး ပြသထားပြီး လျှပ်စစ်သုံးယာဉ်   အမျိုးအစား အသစ်များ      ရောက်ရှိလာပါက လည်း      ထပ်မံထည့်သွင်းပြသ သွားမည်ဖြစ်ကြောင်း    EV   Mall တာဝန်ခံ   ကိုနောင်နောင်ဝင်းက ပြောသည်။ 

 


“EV Mall ဆိုတာက နိုင်ငံ တကာမှာ ရှိပြီးသားဖြစ်တဲ့ Auto Mall   တွေလိုပဲ   လျှပ်စစ်သုံး မော်တော်ယာဉ်တွေကို   ပြည်သူ တွေအနေနဲ့   တစ်နေရာထဲမှာ တစ်စုတစ်စည်းတည်း    ကြည့်ရှု လေ့လာဝယ်ယူနိုင်ဖို့   အမျိုးသား အဆင့်     လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ      ဖွံ့ဖြိုး တိုးတက်ရေး ဦးဆောင်ကော်မတီ ရဲ့လမ်းညွှန်ချက်နဲ့အတူ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းဖြစ် ပါတယ်။ ကျွန်တော်တို့ EV Mall မှာ လာရောက်ဝယ်ယူသူတွေကို One    Stop Service အနေနဲ့  ကားဝယ်ယူ ချိန်ကနေစပြီး လက်ဝယ်အပ်နှံတဲ့ အထိ ဆောင်ရွက်ပေးပါတယ်”ဟု  ၎င်းက ပြောသည်။

 


လျှပ်စစ်သုံး    ယာဉ်များ၏ ကနဦးရင်းနှီးမြှုပ်နှံမှုတွင် ဈေးနှုန်း မြင့်မားမှုနှင့် လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရမည့်         အခြေခံ အဆောက်အအုံ လိုအပ်ချက်များ ရှိနေဆဲဖြစ်သော်လည်း နည်းပညာ တိုးတက်လာသည်နှင့် ဘက်ထရီ သိုလှောင်နိုင်စွမ်းအား ကောင်းမွန် လာခြင်း၊   ဘက်ထရီသက်တမ်း ပိုရှည်လာခြင်း၊ အချိန်တိုအတွင်း လျင်မြန်စွာ     အားသွင်းနိုင်ခြင်း၊ လောင်စာဆီ  သုံးစွဲရသည့်စရိတ် နှင့်     နှိုင်းယှဉ်ပါက    လျှပ်စစ် ဓာတ်အားဖြည့်ရန် ကုန်ကျစရိတ် မှာ   သိသိသာသာ   လျော့နည်း သက်သာခြင်း၊ ပြင်ဆင်ထိန်းသိမ်း စရိတ်များ   ပိုမိုသက်သာခြင်းတို့ သည်   လျှပ်စစ်သုံးယာဉ်များ၏ အားသာချက်များ ဖြစ်သည့်အပြင် ဘက်ထရီနည်းပညာ   တိုးတက် လာသည်နှင့်အမျှ   ဈေးနှုန်းများ ကျလာနိုင်သည့်    အနေအထား လည်း   ရှိလာနိုင်ကြောင်း  သိရ သည်။ 

 


“EV Mall မှာ လျှပ်စစ်သုံးယာဉ် အမျိုးအစားပေါင်းစုံ ထုတ်လုပ်တဲ့ နိုင်ငံစုံက လျှပ်စစ်သုံးယာဉ်တွေ ကို    ပြသရောင်းချပေးနေတာ ဖြစ်ပါတယ်။  အမျိုးအစားအလိုက် တင်သွင်းရောင်းချတဲ့ ကုမ္ပဏီတွေ အနေနဲ့  Authorized Distributor တွေဖြစ်လို့ After Sale Service ကို သက်ဆိုင်ရာ ကားအမျိုးအစား တွေအလိုက် ပြည်ပသင်တန်းတွေ တက်ရောက်ပြီး ပြန်လာသူတွေက ပြင်ဆင်ထိန်းသိမ်းပေးမှာ ဖြစ်ပါ တယ်။ နောက်ပြီး Spare Parts တွေ ကိုလည်း အမျိုးအစားအလိုက် သူ့ပစ္စည်းနှင့်သူ မှာယူထားရှိပြီး ဖြစ်တဲ့အတွက်     အသုံးပြုသူ ပြည်သူတွေအနေနဲ့    စိတ်ပူစရာ မလိုပါဘူး” ဟု EV  Mall  တာဝန်ခံ ကိုနောင်နောင်ဝင်းက ပြောသည်။ 

 


ယခုကဲ့သို့  EV  Mall  ဖွင့်လှစ် ရောင်းချခြင်းကြောင့်  ပြည်သူများ အနေဖြင့်  EV  ကားအမျိုးအစား များကို ကုမ္ပဏီတစ်ခုစီ သွားရောက် ကြည့်ရှုစရာမလိုဘဲ   တစ်နေရာ တည်းတွင်    ရွေးချယ်နိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင်  နိုင်ငံတကာ နှင့်    အာဆီယံဒေသတွင်းတွင် လည်း မြန်မာနိုင်ငံ၏ Automotive Industry တိုးတက်မှုကို ပြသရာ ရောက်ကြောင်း၊    စိတ်ဝင်စား သည့်       ပြည်သူများအနေဖြင့် နေပြည်တော်ရှိ   Sinma  Living Mall ၌ နေ့စဉ်  နံနက်  ၉  နာရီမှ ည  ၈  နာရီအထိ  ပြသလျက်ရှိရာ စိတ်ကြိုက်    လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရသည်။


သတင်း - ဟိန်းမင်းစိုး၊ 
အောင်ရဲသွင်၊ဓာတ်ပုံ - ကိုကိုအေး