
တောင်ကြီး ဧပြီ ၂၈
တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းတွင် ရောက်ရှိ နေသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒသမတန်း (Grade-10) လူရည်ချွန် ကျောင်းသား ကျောင်းသူ များသည် ယနေ့နံနက် ၈ နာရီတွင် တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းရှိ ဒေါ်ခင်သိန်း ခန်းမ၌ လူရည်ချွန်အဖွဲ့(၁၉၆၄-၈၈)မှ လူရည်ချွန်ကြီးများနှင့် တွေ့ဆုံ၍ ပညာရေးဆိုင်ရာ ဟောပြောပွဲကျင်းပရာ လူရည်ချွှန်ကြီးများဖြစ်ကြသည့် ဒေါ်နန်းမိုမိုသီတာက မိတ်ဆက်စကားပြောကြားပြီး ဦးခင်မောင်ကြည်က လူရည်ချွန်အဖွဲ့(၁၉၆၄-၈၈) အကြောင်း သိကောင်း စရာများကို ပြောကြားသည်။
ဆက်လက်၍ သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်အရ လူရည်ချွန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာအောင်သာထွန်းက ဘဝတစ်လျှောက် ဦးနှောက်အသုံးချပုံ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်မြတ်မြတ်ထွေးက လူရည်ချွန်နှင့် ပညာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစိုးညွန့်က သက်ကြီး စကား သက်ငယ်ကြား ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နန်းမေသောင်းခင်က တောင်ပေါ်သူကျွန်မ လူရည်ချွန်ဘဝ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးခင်မောင်ကြည်က ကမ္ဘာ့ရေကြောင်း သင်္ဘော မောင်းနှင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်နန်းမိုမို သီတာက Entrepreneurship ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဦးစိုးမြင့်က ထာဝရလူရည်ချွန်နှင့် အပန်းဖြေခြင်း ( Once LYC ever LYC) ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောပို့ ချကြသည်။ ထို့နောက် ကျောင်းသား ကျောင်းသူ လူရည်ချွန်မောင်မယ်များက မေးမြန်းကြရာ လူရည်ချွန်ကြီးများက ပြန်လည် ဖြေကြားကြပြီး လူရည်ချွန်သီချင်းများကို လက်ဆင့် ကမ်း သင်ကြားပေးသည်။
ညနေပိုင်းတွင် တောင်ကြီးလူရည်ချွန်စခန်း၌ ညစာစားပွဲကိုကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး နှင့် ပြည်နယ်ဝန်ကြီး များ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များ၊ ရှမ်းပြည်နယ် ပညာရေးမှူးနှင့်တာဝန်ရှိသူများ တက်ရောက်၍ လူရည်ချွန် ကျောင်းသား ကျောင်းသူ များနှင့် အတူတကွ ရင်းရင်းနှီးနှီး ညစာသုံးဆောင် ကြသည်။
အဆိုပါ ညစားစားပွဲ၌ ညောင်ရွှေမြို့နယ်မှ တင်ဆက်သည့် တိုင်းရင်းသားရိုးရာ ဖျော်ဖြေရေး အစီအစဉ်တွင် ရွှေတောင်ရပ်ကွက် သမီးငယ်များက ဝံသာနုပျိုမေသီချင်းဖြင့် လည်းကောင်း၊ အထက-ခေါင်တိုင်မှ အင်းသူလေးရဲ့ဖိတ်ခေါ်သံ၊ ကုမုဒြာ၊ ပအိုဝ်းသီချင်းတို့ဖြင့် လည်းကောင်း၊ မူလွန်-ကန်ရွာမှ ထာဝရသစ္စာ သီချင်းဖြင့်လည်းကောင်း၊ အလက-ညောင်ဝန်းနောက်မှ ရွှေအင်းသားမီး သီချင်းဖြင့် လည်းကောင်း၊ အမက-သဲကုန်းမှ လှမ်းလာခဲ့ပါ အင်းကန်သာ သီချင်းဖြင့်လည်းကောင်း၊ အမက-လွယ်ငြိမ့်မှ ထာဝရမြန်မာ သီချင်းဖြင့်လည်းကောင်း၊ အမက-တောင်ပို့ကြီး(မ)မှ တောင်ယာဝင်ချိန်သီချင်း ဖြင့်လည်းကောင်း ဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။
သတင်းစဉ်