
ပြည် ဧပြီ ၂၇
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့ မြို့မဈေးရုံများ ပြန်လည် အဆင့်မြှင့်တင်နေမှုနှင့် ခေတ္တရာ ယဉ်ကျေးမှုရုံ ပြန်လည်အဆင့် မြှင့်တင်နေမှုတို့အား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နတ်တလင်းမြို့ မြို့မရပ်ကွက်အတွင်း ဝန်ထမ်း အိမ်ရာ တည်ဆောက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး ကြို့ပင်ကောက်မြို့ တိုးချဲ့ရေပေးဝေရေး ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်၍ ဖဲကြိုး ဖြတ် ဖွင့်လှစ်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကြို့ပင်ကောက် မြို့အတွက် တိုးချဲ့ရေပေးဝေနိုင် ရေး ဆောင်ရွက်ပေးခဲ့မှုနှင့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး ကြို့ပင်ကောက် မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးထက် က မြို့တိုးချဲ့ရေပေးရေးလုပ်ငန်းစဉ်အား ရှင်းလင်းတင်ပြခဲ့ရာ မြို့မိ/မြို့ဖ ဦးတင်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြား သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် က ကြို့ပင်ကောက်မြို့ တိုးချဲ့ရေပေးရေး အဆောက်အအုံ ရှိ ရေဘားအား လက်လှည့်ဖွင့်လှစ် ပေးခဲ့ပြီး ရပ်ကွက် အတွင်း ရေပေးဝေမှုအခြေအနေ များကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)