
ပဲခူး ဧပြီ ၂၅
၂၀၂၃ ခုနှစ် လူရည်ချွန်စခန်းများသို့ သွားရောက်မည့် လူရည်ချွန် ကျောင်းသား ကျောင်းသူများက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲကို ပဲခူးမြို့ မြို့တော်ခန်းမ၌ ဧပြီ ၂၅ ရက်က ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူရည် ချွန်မောင်/မယ်များအနေဖြင့် သက်ဆိုင်ရာ လူရည်ချွန်စခန်းများသို့ ရောက်သည့်အခါ တစ်ဦး နှင့်တစ်ဦး နားလည်စာနာမှု၊ သည်းခံခွင့်လွတ်မှု၊ အပြန်အလှန် ရိုင်းပင်းကူညီဖေးမမှု၊ အပြန်အလှန် မှီခိုအားထားယုံကြည် မှုစသည့် စိတ်ဓာတ်ရေးရာ အခြေခံကောင်းများဖြင့် လက်တွဲပူးပေါင်း ဆောင်ရွက်ရမည်ဆိုသည့် ပြည်ထောင်စုစိတ်ဓာတ်နှင့်အညီ ကျင့်ကြံ နေထိုင်ပြောဆို ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လူရည်ချွန်စခန်းအသီးသီးသို့ သွားရောက်မည့် ပဲခူးတိုင်း ဒေသကြီးဂုဏ်ဆောင် လူရည်ချွန် ကျောင်းသား ကျောင်းသူများနှင့် ကြီးကြပ်ဆရာ ဆရာမများ စုစုပေါင်း ၅၄ ဦးအတွက် ထောက်ပံ့ငွေကျပ် ၅၄ သိန်းအား ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပဲခူးမြို့ အမှတ်(၁)အခြေခံပညာကျောင်း သိရီပညာခန်းမ၌ ကျင်းပသည့် နွေရာသီကွန်ပျူ တာအခြေခံသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး သင်ထောက်ကူပစ္စည်း များ ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် ပဲခူးမြို့ လိပ်ပြာကန် ပြန်လည်အဆင့်မြှင့်တင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အလှပန်းပင် များစနစ်တကျရှိရေး၊ ခေတ်မီသော မီးတိုင်အလှဒီဇိုင်းများ တပ်ဆင်နိုင် ရေး၊ အမှတ်တရ အလှဓာတ်ပုံရိုက်ကူးရန်နေရာ၊ ထားရှိမည့် အလှပစ္စည်း ဒီဇိုင်းများနှင့် ဈေးဆိုင်ခန်းမြေနေရာများအား သေချာရွေးချယ် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)