
နေပြည်တော် ဧပြီ ၂၅
ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ပြည်ထောင်စုဝန်ကြီးများက တွေ့ဆုံအမှာစကားပြောကြားသည့် အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ သံအမတ်ကြီးများနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
တစ်ဦးချင်း မိတ်ဆက်တင်ပြ
အခမ်းအနားတွင် သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက်တာဝန် ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများက ၎င်းတို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံများ၊ ယခု သွားရောက်တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို တစ်ဦးချင်း မိတ်ဆက်တင်ပြကြသည်။
အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်နိုင်ရန်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြည်ပတာဝန်ထမ်း ဆောင်ရန် ဝန်ထမ်းများအား အလှည့်ကျစေလွှတ်တာဝန်ပေးအပ်ခြင်း မဟုတ်ဘဲ သင့်လျော်သူများကို ဝန်ကြီးဌာန၊ ဦးစီးဌာနအကြီးအကဲများက စိစစ်ရွေးချယ်စေလွှတ်၍ တာဝန်ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ပြည်ပ တာဝန်ထမ်းဆောင်ရာတွင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား (National Interest) ကို ကာကွယ်စောင့်ရှောက်ရန်၊ Diplomacy is the First Line of Defence ဆိုသည့်အတိုင်း သံတမန်များအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတွင် ရှေ့တန်းမှ ကာကွယ်စောင့်ရှောက်ရာတွင် သစ္စာရှိရှိ၊ တာဝန်သိသိ ထမ်းဆောင်သွားရန် အရေးကြီးပါကြောင်း၊ နိုင်ငံ့ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများသာမက သံတမန်တစ်ဦး လိုက်နာရမည့် စည်းကမ်း၊ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ လုပ်ငန်းစဉ်များ အားလုံး လေ့လာသိရှိထားပြီးဖြစ်သည့်အတွက် စွဲစွဲမြဲမြဲ လေးစား လိုက်နာကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ကို ကာကွယ်စောင့်ရှောက်နိုင်ရန် လတ်တလော ကမ္ဘာကြီး၏ ဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုနှင့် မိမိနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုကို အမြဲမပြတ်လေ့လာပြီး သင့်တင့်မျှတသည့် တုံ့ပြန်မှုမျိုးရအောင်ကြိုးစား ဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း၊ ရာထူးကြီးငယ်မခွဲဘဲ မိမိ လုပ်ဆောင်နိုင်သည့် စွမ်းရည်ကို အပြည့်အဝဖော်ထုတ်၍ ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ သစ္စာပျက်ယွင်းမှု၊ ကိုယ်ကျင့်တရား ပျက်ယွင်း မှု မဖြစ်စေရန် ကြိုးစားကျင့်ကြံနေထိုင်သွားကြရန် လိုအပ်ပါကြောင်း၊ စေ့စပ်ညှိနှိုင်းခြင်း(Negotiation)တွင် နိုင်ငံတကာဆက်ဆံရေး အတွေ့ အကြုံကောင်းများကို ကိုးကားပြီး နှစ်နိုင်ငံအကျိုးစီးပွား ဖြစ်ထွန်းအောင် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းများကို မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆထားမည်ဆိုပါက အချိန်ကြာလာသည်နှင့်အမျှ လုပ်ငန်းတန်ဖိုးကျဆင်းသွားသည်ကို သတိပြုပြီး အရေးကြီးသည့်လုပ်ငန်းများကို သတ်မှတ်အချိန် အတွင်း အချိန်ကိုက်ဆောင်ရွက်နိုင်ရန် အရေးကြီးပါကြောင်း ပြောကြား သည်။
သံကောင်းတမန်ကောင်းဖြစ်ရန် ကြိုးစား
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က တာဝန်ထမ်းဆောင် ရာတွင် သံကောင်းတမန်ကောင်းဖြစ်ရန် အတတ်နိုင်ဆုံး ကြိုးစားသွား ကြရန် မှာကြားလိုပါကြောင်း၊ သံဆိုသည်မှာ သံရုံး (Embassy) ကို ဆိုလိုခြင်းဖြစ်ပြီး တမန်ဆိုသည်မှာ (Messenger) ဖြစ်ပါကြောင်း၊ သံရုံး အနေဖြင့် မိမိနိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတော်၏ အမျိုးသားအကျိုး စီးပွားကို ခိုင်ခိုင်မာမာ ရပ်တည်ရန်နှင့် သံတမန်များအနေဖြင့် အခြား နိုင်ငံများ အစိုးရတာဝန်ရှိသူများ ပြည်သူများအပေါ် မိမိနိုင်ငံ၏ သဘော ထားများ၊ သတင်းစကား (Message)များ ပေးနိုင်ရန် တာဝန်ရှိပါကြောင်း၊ နိုင်ငံကို ကိုယ်စားပြုပြီး ပြည်ပတွင် သွားရောက်တာဝန်ထမ်းဆောင်ရခြင်း ဖြစ်သည့်အတွက် သံတမန်များ နိုင်ငံတကာကျင့်ဝတ်စည်းမျဉ်းများအရ ထိုက်သင့်သည့် Privilege and Immunity များလည်း ခံစားခွင့် ရှိပါကြောင်း၊ Privilege ဟုဆိုရာတွင် သံတမန်အဖြစ် အသိအမှတ်ပြု ပြီး အဆင့်အတန်းတစ်ခုကို ပေးအပ်ထားခြင်းဖြစ်သည့် အားလျော်စွာ သံတမန်ကောင်းတစ်ယောက်ဖြစ်အောင် ဖြည့်ဆည်းဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ထိုသို့ဖြည့်ဆည်းရာတွင် အချက်သုံးချက်ကို ပြည့်စုံ အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရည်အချင်း တိုးတက်အောင်၊ အများက လေးစားသော သံတမန်ကောင်းဖြစ်အောင်၊ ရင့်ကျက်သော သံတမန်ကောင်းဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း၊ ဗဟုသုတပိုင်း တွင် နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဥပဒေများ၊ ဗီယင်နာကွန်ဗင်း ရှင်းပါ နည်းဥပဒေများကို ပြည့်စုံအောင်ဖြည့်ဆည်းသွားရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်