
နေပြည်တော် ဖေဖော်ဝါရီ ၂၀
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးဆိုင်ရာအခက်အခဲများကို တစ်ထောင့် တစ်နေရာမှ အထောက်အကူပြုစေရန်အတွက် မြို့နယ်အသီးသီးရှိ တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံ များတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြင်ပမှဆရာဝန်များသည်လည်း ၎င်းတို့၏ သဘောဆန္ဒအလျောက် ကုသရေးလုပ်ငန်းများတွင် လာရောက်ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ယင်းသို့ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ တပ်မတော်ဆေးရုံများသို့ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာ ၂၀၄၂၂ ဦး၊ အတွင်းလူနာ ၂၈၈၄ ဦးကို လွှဲပြောင်းခဲ့ပြီး တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ကျန်းမာရေးစစ်ဆေးပေး ခြင်း၊ ခွဲစိတ်ရန်လိုအပ်သည့် လူနာများကို ခွဲစိတ်ပေးခြင်း၊ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများကို ဆေးရုံတင်ကာ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင် စားသောက်ရေး အဆင်ပြေစေရန်အတွက် စီမံဆောင်ရွက် ပေးလျက်ရှိသည်။
ထိုသို့ လာရောက်ကုသမှုခံယူလျက်ရှိသည့် လူနာများ အနက် အကြီးစားခွဲစိတ်ကုသရန် လိုအပ်သူ ၈၅၆ ဦး၊ အသေးစားခွဲစိတ်ကုသရန်လိုအပ်သူ ၄၆၂ ဦး၊ စုစုပေါင်း ၁၃၁၈ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပြီး စိုးရိမ်ဖွယ်ရာရှိ သည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ် ကုသပေးလျက်ရှိသည်။ ထို့ပြင် ကလေး မီးဖွားရန် အခက်အခဲဖြစ်နေသည့် မွေးလူနာများကို တပ်မတော်ဆေးရုံအသီးသီးတွင် တက်ရောက်စေလျက် ရှိပြီး ၎င်းတို့အနက် ၅၁၃ ဦးကိုခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၇၅၉ ဦးကို သာမန်မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ အနာဂတ်မျိုးဆက်သစ် ကလေးငယ် ၁၂၇၂ ဦးကို မွေးဖွား နိုင်ခဲ့သည်။
တိုင်းရင်းသားပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ဖြစ်ပေါ်လာပါက နီးစပ်ရာ တပ်မတော် ဆေးရုံများသို့ အချိန်မရွေးဆက်သွယ် ဆေးကုသမှုခံယူ နိုင်ကြောင်းနှင့် သက်ဆိုင်ရာဆေးရုံများမှလည်း လွှဲပြောင်း ကုသမှုခံယူနိုင်ကြောင်း သိရှိရသည်။
ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တပ်မတော်ဆေးရုံသို့ လာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များက လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင်- ၅၀၀)သို့ လာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာ များအား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့များက လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်များရှိ နယ်မြေခံတပ်မတော်ဆေးရုံများသို့ ဆေးရုံ လာရောက်ပြသသူများနှင့် ဆေးရုံတက်လူနာများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူ များက လည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိ သည်။ သတင်းစဉ်