(၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား ဟားခါး၌ ကျင်းပ

ဟားခါး ဖေဖော်ဝါရီ ၂၀ ၂၀၂၁ ခုနှစ်(၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဖေဖော်ဝါရီ ၂၀ရက် နံနက် ၁၀နာရီက ဟားခါးမြို့ မြို့တော်ခန်းမ၌ ကျင်းပ သည်။ (ယာပုံ) အခမ်းအနားသို့ ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်း အောင်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်ကျော်၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်း ရေးမှူး ဦးတိုးဝင်းနှင့်ကောင်စီဝင်များ၊ စစ်ဗျူဟာအခြေချ(ဟားခါး) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန့်ဇင်ဦး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြ သည်။ အခမ်းအနားတွင် သဘာပတိ ဦးရာလ်ခမ်းက (၇၃)နှစ်မြောက် ချင်း အမျိုးသားနေ့ အထိမ်းအမှတ် အမှာစကားပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် (၇၃)နှစ် မြောက် ချင်းအမျိုးသားနေ့သဝဏ်လွှာအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်က ဖတ်ကြားကာ အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များ၊ သဘာပတိအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြောင်း သိရသည်။ ချင်းအမျိုးသားနေ့သည် ပြည်ထောင်စုဖွားတိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ သူ့ကျွန်မခံလို၍ နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်ရေးတိုက်ပွဲ များနှင့် ပဒေသရာဇ်အာဏာဖျက်သိမ်းရေး၊ တောင်တန်းမြေပြန့်တိုင်းရင်းသားအားလုံးသွေးစည်းညီညွတ်ရေး၊ တိုက်သူကြီးများအုပ်ချုပ်သည့် စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရေးတို့ကို ဖော်ဆောင်သည့် နေ့ထူးနေ့မြတ်ဖြစ်သည်။ ချင်းမျိုးချစ် စစ်သည်တော်များက “ချင်းတိုင်းရင်းသားများ ပညာရေး မြှင့်တင်ရေးအဖွဲ့”ကို ၁၉၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် မေမြို့၌ ဖွဲ့စည်း ခဲ့ပြီး ချင်းတိုင်းရင်းသားများ၏ ပညာမျက်စိကို အလင်းဖွင့်ပေးကာ အမျိုးသားစိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို မီးမောင်းထိုးဖော်ဆောင်ပေးခဲ့သော အမျိုးသားရေး သမိုင်းဝင်ဖြစ်ရပ် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင် ခေါင်းဆောင်ပြီး ၁၉၃၃ ခုနှစ်တွင် ချင်းတောင်ညီညွတ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကာ ချင်းတိုင်းရင်းသားတို့၏ လူမှုစီးပွားရေးဘဝ တိုးတက်မြင့်မားရေးအတွက် ဗြိတိသျှအစိုးရကို တောင်းဆိုချက်(၉)ချက် တင်ပြတောင်းဆိုခဲ့ရာ ဗြိတိသျှအစိုးရ က တောင်းဆိုချက်များကို မလိုက်လျောသည့်အတွက် ချင်းတိုင်းရင်းသားများက ဗြိတိသျှကို ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည့် နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းဝင် ဖြစ်ရပ်နှင့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် ချင်းပြည်နယ် ဖလမ်းမြို့တွင် လူထု ၅၀၀၀ ကျော်ခန့်က ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ဟောင်းကို ဖျက်သိမ်းပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် တောင်းခံအတည်ပြုခဲ့ကြသည့် လွပ်လပ်ရေးသမိုင်းဝင်ဖြစ်ရပ်စသည့် သမိုင်းဝင်ဖြစ်ရပ်(၃)ရပ်ကို အကြောင်းပြု၍ ဖေဖော်ဝါရီ ၂၀ ရက်ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်နယ်ချဲ့လက်ထက် ရခိုင်တောင်တန်းဒေသ အုပ်ချုပ်ရေးထဲ တွင်ပါဝင်နေသည့် ပလက်ဝဒေသကို လည်းကောင်း၊ မကွေးတိုင်းဒေသ၏ အုပ်ချုပ်မှုအောက်တွင် ရောက်နေသည့် ကန်ပက်လက်ဒေသကို လည်းကောင်း ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ဖွဲ့စည်းဖြစ်ပေါ်လာသည့် ချင်းဝိဒေသတိုင်းထဲသို့ တစ်စိတ်တစ်ဝမ်းတည်းပါဝင်လာသည့်အတွက် ယနေ့ ချင်းပြည်နယ်ဟု စည်းလုံးညီညွတ်စွာဖြစ်တည်လာသည့် သမိုင်းဝင်နေ့တစ်နေ့ ဖြစ်သည်။ ဖေဖော်ဝါရီ ၂၀ရက်သည် ချင်းအမျိုးသား တစ်ရပ်လုံးအတွက် ထူးခြား ဂုဏ်ယူဖွယ်ရာ နေ့ထူးနေ့မြတ်အဖြစ် ချင်းရေးရာကောင်စီက သတ်မှတ်ထား သည့် ချင်းအမျိုးသားနေ့ကို အထွတ်အမြတ်ထား၍ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း သိရသည်။ ခရိုင်(ပြန်/ဆက်)