ထိုင်းပြည်တွင်း ထွက်ကုန်စျေးနှုန်းများ တည်ငြိမ်စေရန် အစီအမံ ၂၂ ခုကို ဆွေးနွေး

 

ဘန်ကောက်  ဧပြီ  ၂၀
ထိုင်းနိုင်ငံ စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ထိုင်းသစ်သီးတင်ပို့မှုကို ၁၀ ရာခိုင်နှုန်းမြှင့်တင်ရန်  ရည်မှန်းချက်ဖြင့် ပြည်တွင်းသစ်သီးဈေးနှုန်းများကို  ထိန်းသိမ်းရန်အစီအမံများ ချမှတ် ဆောင်ရွက်လျက်ရှိသည်ကို မြင်တွေ့ရသည်။
ထိုင်းစီးပွားရေးနှင့်     ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည်  ပို့ကုန်ထုတ်လုပ်မှု ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်ရှာဖွေရေးနှင့် ဥပဒေရေးရာကိစ္စရပ်များအပါအဝင်  ကဏ္ဍပေါင်းစုံတွင် သက်ဆိုင်ရာ အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် ဝန်ကြီး၏ လက်ထောက်ဖြစ်သူ Ms. Sansern Samalapa  ဦးဆောင်ပြီး အစိုးရ အေဂျင်စီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊  လယ်သမားများ၊ လက်လီ လက်ကား ရောင်းချသူများ၊ ဓာတ်ဆီဆိုင်များ၊ လေကြောင်းလိုင်းများ၊ ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းများမှ  ကိုယ်စားလှယ်များ ပါဝင် သည့် အစည်းအဝေးတစ်ခုကျင်းပကာ   ထိုင်းပို့ကုန်များ၏   ဈေးနှုန်း တည်ငြိမ်စေရေး ကျင့်သုံးဆောင်ရွက်မည့် အစီအမံ   ၂၂  ခုကို ဆွေးနွေး ကြသည်။
ယခုအခါ ဝန်ကြီးဌာနအနေဖြင့် စိုက်ပျိုးရေး အလေ့အကျင့်ကောင်း လက်မှတ် (GAP) ရရှိစေရန် ကောက်ပဲသီးနှံ အမျိုးအစားပေါင်း ၁၂၀၀၀၀ အတွက် ဆောင်ရွက်နေပြီး လယ်ယာများမှ ထွက်ကုန်တန်ချိန် တစ်သိန်း ကြိုတင်ဝယ်ယူရေး    စာချုပ်ချုပ်ဆိုထားကာ    တန်ချိန်ကိုးသောင်းကို တစ်ကီလိုဂရမ်လျှင်  သုံးဘတ်နှုန်းဖြင့်   ပို့ဆောင်ရန်  ဆောင်ရွက်နေ ကြောင်း၊ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် လတ်ဆတ်သော    သစ်သီးများနှင့်   ပြုပြင်ထားသော   သစ်သီးများ တင်ပို့မှုကို ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့ရန် ရည်ရွယ် ထားပြီး ရည်မှန်းချက်ပမာဏ တန်ချိန် ၄ ဒသမ ၄၄ သန်း  ဖြစ်ကြောင်း  pattayamail.com ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ သိရသည်။