အများပြည်သူသို့ အသိပေးကြေညာချက်

 

၁။    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည်   အဂတိလိုက်စားမှု   တားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်  ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင်  အဂတိလိုက်စားမှု  တားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
၂။    ကော်မရှင်အနေဖြင့်  သက်ဆိုင်ရာ  ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏  ကြီးကြပ်မှု အောက်ရှိ အများပြည်သူနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူခဲ့ ကြသော ပြည်သူများ၏ တယ်လီဖုန်းများသို့ Short Code နံပါတ် “1111” အသုံးပြု၍ SMS မှတစ်ဆင့် မေးခွန်းများမေးမြန်းခြင်းနှင့် တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme – PFP) ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။
၃။    အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်အရ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် နှင့် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများထံမှ Short Code နံပါတ် “1111” ဖြင့် ဝန်ဆောင်မှု ရယူစဉ်က   ကြုံတွေ့ခဲ့ရသည့်အခြေအနေများနှင့်စပ်လျဉ်း၍   ပေးပို့မေးမြန်းလိုက်သော  SMS  များကို မှန်ကန်စွာ ပြန်လည်ဖြေကြားပေးခြင်းဖြင့် သက်ဆိုင်ရာဌာနအသီးသီး၏ ဝန်ဆောင်မှုလုပ်ငန်းအရည် အသွေးကို  သိရှိနိုင်မည်ဖြစ်ပြီး  အဂတိလိုက်စားမှု  တားဆီးကာကွယ်ရေးအတွက်  လိုအပ်ချက်များကို  ပြုပြင်နိုင်မည်ဖြစ်ပါသည်။ 
၄။    သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် ကော်မရှင်နှင့် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများရှိ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များက  Short  Code  “1111”  ဖြင့် SMS ပေးပို့မေးမြန်း လိုက်သောမေးခွန်းများကို  ပြန်လည်ဖြေကြားပေးခြင်းသည်  အဂတိလိုက်စားမှု  တားဆီးကာကွယ်ရေး လုပ်ငန်းများတွင်  တစ်ဖက်တစ်လမ်းမှ  ပါဝင်ဆောင်ရွက်ခြင်းဖြစ်သဖြင့်  အများပြည်သူထံမှ  တုံ့ပြန်မှု ရယူခြင်းအစီအစဉ်ကို အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း  အသိပေးနှိုးဆော်တင်ပြ အပ်ပါသည်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်