မြန်မာ့ရိုးရာအတာသင်္ကြန်(အတက်နေ့)တွင် မန္တလေးမြို့လုံးအနှံ့ သင်္ကြန်ရေသဘင်ပွဲတော် နွှဲပျော်ကြသူများ၊ အပန်းဖြေအနားယူကြသူများဖြင့် တစ်ခဲနက်စည်ကား

 

မန္တလေး   ဧပြီ    ၁၆
ယနေ့သည် မြန်မာ့ရိုးရာအတာသင်္ကြန် (အတက်နေ့) ဖြစ်သည်နှင့်အညီ မန္တလေး မြို့ ကျုံးပတ်လည်တစ်လျှောက်ရှိ သင်္ကြန်မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန် ဧရိယာ တစ်လျှောက်နှင့် အထင်ကရနေရာများတွင် ရေသဘင်ပွဲဆင်နွှဲကြသူများ၊ အပန်းဖြေ ကြသူများဖြင့် တစ်ခဲနက်စည်ကားလျက်ရှိသည်။ 
နံနက်ပိုင်းမှစတင်၍  မဟာမုနိရုပ်ပွား တော်မြတ်ကြီး၊  အောင်တော်မူမြတ်စွာ ဘု ရား၊   ရွှေကျီးမြင်ဘုရား၊  ဘုရားနီဘုရား၊ မန္တလေးတောင်၊ ကုသိုလ်တော်၊ စန္ဒာမုနိ ဘုရား၊ ကျောက်တော်ကြီးဘုရား စသည့် ဘုရားတို့တွင် တရားဘာဝနာအားထုတ် ကြသူများ၊  ဥပုသ်သီလဆောက်တည်ကြ သူများနှင့် စတုဒိသာကျွေးမွေးလှူဒါန်းကြ သူများဖြင့် စည်ကားလျက်ရှိသည်။ 
ယနေ့သည်   စိတ်ပျော်ရွှင်ချမ်းမြေ စရာ ကောင်းလှသည့် မဟာသင်္ကြန်၏ နောက်ဆုံးရက်ဖြစ်သည်နှင့်အညီ သင်္ကြန် ကို ချစ်မြတ်နိုးကြသည့် သင်္ကြန်ချစ်သူ ပြည်သူများကလည်း မန္တလေးမြို့တော်မဟာသင်္ကြန်မဏ္ဍပ်အပါအဝင် ကျုံးပတ် လည်ရှိ   သင်္ကြန်မဏ္ဍပ်များ၌   မြိုင်မြိုင် ဆိုင်ဆိုင်    လာရောက်ရေကစားကြပြီး တေးသံရှင်များနှင့် အနုပညာရှင်များက အတာသင်္ကြန်တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေကြကာ   ဝန်ကြီးဌာနများနှင့် ယိမ်းအကအဖွဲ့များက ယိမ်းအကအလှ များဖြင့်   တပျော်တပါး   ကပြဖျော်ဖြေ ကြသည်။ 
ယခုနှစ်တွင် အထူးအစီအစဉ်အဖြစ် ထည့်သွင်းထားသည့်    ချမ်းမြသာစည် မြို့နယ်ရှိ     မင်္ဂလာမန္တလေး    မြန်မာ့ ရိုးရာ   လမ်းလျှောက်အတာသင်္ကြန်နှင့် ကျုံးတောင်ဘက်ခြမ်းရှိ (၂၆ လမ်း၊ ၆၆ လမ်းမှ ၇၈ လမ်းအထိ) လမ်းလျှောက် သင်္ကြန်တို့၌လည်း သကြန်ဇုန်များ၊ နိုင်ငံ ကျော်အဆိုတော်များနှင့် အနုပညာရှင် များ၏ ဖျော်ဖြေမှုများ၊ စတုဒိသာမဏ္ဍပ် များ၊ ရေကစားမဏ္ဍပ်များနှင့် အပန်းဖြေ အနားယူနိုင်မည့်    အစီအစဉ်ကောင်း များကိုလည်း      ထည့်သွင်း၍    စည်ကား သိုက်မြိုက်စွာ          ကျင်းပလျက်ရှိရာ လာရောက်ပါဝင်      ဆင်နွှဲသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။ 
မန္တလေးသင်္ကြန်ပွဲကို     ပါဝင်ဆင်နွှဲ နေသည့်     မန္တလေးသားတစ်ဦးဖြစ်သူ ကိုမောင်မောင်ဦးက    “ကျွန်တော်တို့ မန္တလေးသင်္ကြန်ကို    မြို့ခံတွေအပြင် အနယ်နယ်အရပ်ရပ်က   သင်္ကြန်ချစ်သူ တွေ     မြိုင်မြိုင်ဆိုင်ဆိုင်    လာရောက် လည်ပတ် ဆင်နွှဲနေတာ မြင်ရတဲ့အတွက် တော်တော်ပျော်ရွှင်မိပါတယ်။ ဒီနေ့က သင်္ကြန်နောက်ဆုံးရက်   ဖြစ်တဲ့အတွက် သင်္ကြန်မဏ္ဍပ်တိုင်းမှာ  လူအပြည့်ပါပဲ။ ဖျော်ဖြေရေး    အစီအစဉ်တွေကလည်း မဏ္ဍပ်တစ်ခုနဲ့တစ်ခု မတူညီဘဲ ထူးခြား ဆန်းသစ်မှုရှိကြပါတယ်။ လမ်းလျှောက် သင်္ကြန်နဲ့    မန္တလေးမြို့ရဲ့    အထင်ကရ လည်ပတ်စရာ နေရာတွေဖြစ်တဲ့ ဦးပိန် တံတားနဲ့    တောင်သမန်အင်းမှာလည်း အပန်းဖြေအနားယူသူတွေ ပြည့်နှက်နေပါ တယ်။     နှစ်ဟောင်းက     စိတ်ပင်ပန်း နွမ်းနယ်မှုတွေကို အခုမြန်မာ့ရိုးရာသင်္ကြန် ပွဲမှာ   စိတ်လွတ်ကိုယ်လွတ်   ပျော်ရွှင်မှု ရအောင် စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကို လည်း    ကျေးဇူးတင်ရှိပါတယ်”   ဟု ပြောသည်။ 
အလားတူ မန္တလေးကျုံးမြောက်ဘက် နှင့်  အနောက်ဘက်ခြမ်းတို့တွင်လည်း သင်္ကြန်ချစ်သူ မိသားစုများ၊ သူငယ်ချင်း၊ မိတ်ဆွေများစုပေါင်း၍ ရေစုပ်စက်များဖြင့် သင်္ကြန်ရေပက်ခံကားများ၊ ဆိုင်ကယ်များ ကို   တပျော်တပါး   ရေပက်ဖျန်းခြင်း၊ မြို့နယ်၊ ရပ်ကွက်များအလိုက် လူငယ် များ၊ ကလေးငယ်များ အေးချမ်းပျော်ရွှင်စွာ ရေပက်ကစားခြင်းနှင့် တစ်နိုင်တစ်ပိုင် စုပေါင်း၍ စတုဒိသာ ကျွေးမွေးလှူဒါန်းကြ သည့် မြင်ကွင်းသည်လည်း မြန်မာ့ရိုးရာ အတာသင်္ကြန်၏  အလှကို  ပိုမိုပေါ်လွင် စေခဲ့သည်။ 
မန္တလေးဈေးချိုတော် နာရီစင်အနီး တွင်လည်း မန္တလေးမြို့ဂုဏ်ဆောင် မြို့မ တူရိယာအသင်းနှင့် တွဲဖက်၍ ဈေးချိုသူ ရေကစားမဏ္ဍပ်ကို     ဖွင့်လှစ်ထားပြီး သင်္ကြန်၏ အနှစ်သာရကို ပေါ်လွင်စေမည့် သင်္ကြန်သီချင်းများဖြင့်   သီဆိုဖျော်ဖြေ ကြရာ    သင်္ကြန်ချစ်သူ    မန္တလေးမြို့သူ၊ မြို့သားများဖြင့် ပြည့်နှက်လျက်ရှိသည်။
ထိုသို့ မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ စိတ်လက်အေးချမ်းပျော်ရွှင် စွာ အနားယူ အပန်းဖြေနိုင်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်း အဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်ပေးလျက် ရှိကြောင်းလည်း သိရသည်။
မောင်အေးချမ်း၊ ဓာတ်ပုံ - Ai (Mdy)