
မြိတ် ဧပြီ ၁၅
၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် လွမ်းလို့ကျန်မည့် ကျွန်းသင်္ကြန် ပါဝင်ဆင်နွှဲရန် အတွက် သင်္ကြန်ချစ်သူပြည်သူများ၊ ခရီးသွားများနှင့် ဒေသခံများသည် မြိတ်ကျွန်းစုရှိ အထင်ရှားဆုံး စမတ် ကျွန်းသို့ မြိတ်ဆိပ်ကမ်းမှ ကမ်းရိုးတန်းအမြန် ရေယာဉ်(၉၉၉)ဖြင့် ဧပြီ ၁၅ ရက်(သင်္ကြန်အကြတ်နေ့)တွင် သွားရောက်ခဲ့ကြသည်။
လွမ်းလို့ကျန်မည့် ကျွန်းသင်္ကြန်အစီအစဉ်အဖြစ် ကျွန်းပေါ်တွင် Archimedes Music Band နှင့်အတူ ရေကစားမဏ္ဍပ်ဖြင့် ဖျော်ဖြေရေးအစီအစဉ်များကို AB Travel & Tours နှင့် Moe Travel & Tours တို့က ပူးပေါင်းစီစဉ်ထားရှိပြီး ကျွန်းအပန်းဖြေ သင်္ကြန်ပွဲတော်ကို ဖျော်ဖြေရေးအစီအစဉ်နှင့်အတူ ရေကစားခြင်း၊ အပန်းဖြေခြင်း၊ ရေကူးခြင်းတို့ဖြင့် ပျော်ရွှင်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
“သင်္ကြန်ဆိုတဲ့ ရသအတိုင်း ကျွန်းမှာ အေးအေး ချမ်းချမ်းနဲ့ ပျော်ရွှင်စွာ ဆင်နွှဲနိုင်ဖို့ အတွေးလေးနဲ့ ကျွန်းသင်္ကြန်ခရီးစဉ်ကို ဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်းမှာ သင်္ကြန်မဏ္ဍပ်တွေ ဆောင်ရွက်ထားပါတယ်။ တီးဝိုင်းတွေပါတယ်။ လူဦးရေ ၂၀၀ ခန့်ပါတဲ့ အမြန် ရေယာဉ်နဲ့ မနက် ၆ နာရီခွဲမှာ စထွက်ပြီး ညနေ ၆ နာရီခွဲမှာ ပြန်ရောက်မှာဖြစ်ပါတယ်” ဟု Moe Travel & Tours မှ MD ဦးမိုးဇော် က ပြောသည်။
ကျွန်းသင်္ကြန်ကို အေးချမ်းပျော်ရွှင်စွာ ကျင်းပ မည့် စမတ်ကျွန်း (Smart Island)ကမ်းခြေသည် မြိတ်မြို့ ဆိပ်ကမ်း ကမ်းနားရေပြင်မှ ရေမိုင် ၆၀ ခန့် ကွာဝေးပြီး သဘာဝအလျောက် တည်ရှိသည့် ကျောက်စရစ်ကမ်းခြေနှင့် သဲကမ်းခြေရှိသော ကျွန်း တစ်ကျွန်းဖြစ်သည်။ ကျွန်းခရီးလည်ပတ်အပန်း ဖြေရင်း ကျွန်းသင်္ကြန်ပွဲတော် နွှဲပျော်ရန် သင်္ကြန် ချစ်သူပြည်သူများ၊ ခရီးသွားများနှင့် ဒေသခံများသည် မိသားစုအလိုက် အစုအဖွဲ့အလိုက် ပျော်ရွှင်စွာဖြင့် မြိတ်ဆိပ်ကမ်းမှတစ်ဆင့် ကမ်းရိုးတန်းအမြန် ရေယာဉ်စီး၍ နံနက် ၆ နာရီခွဲကျော်က ထွက်ခွာသွား ခဲ့ကြသည်။
ထို့တူ မြိတ်ကျွန်းစုရှိ သဘာဝအလှတရားများ ဖြင့် သာယာလှပသည့်ကျွန်းများသို့ သင်္ကြန်ကာလ ကျွန်းအပန်းဖြေခရီးကို စိတ်အေးချမ်းသာစွာဖြင့် လည်ပတ်အပန်းဖြေရန် ခရီးသွားဧည့်သည်များနှင့် ဒေသခံများ သွားရောက်အပန်းဖြေလိုသည့် ကျွန်းများ သို့ ခရီးသွားလုပ်ငန်းများ၏ Speed Boat များဖြင့် မြိတ်ဆိပ်ကမ်းမှတစ်ဆင့် ကျွန်းများသို့ ပို့ဆောင်ပေး ကြခြင်းဖြစ်ကြောင်း သိရသည်။ ခိုင်ထူး (ပြန်/ဆက်)