
ကချင်ပြည်နယ် ရေခဲတောင်ဒေသ အပါအဝင် ရေခဲတောင်များ ဖုံးလွှမ်းရာ တိဘက်ကုန်းမြင့်ဒေသမှာသာ ရှာဖွေ တွေ့ရှိနိုင်သည့် ဆေးဖက်ဝင် ရှီးပတီး (ခေါ် )ပိုးဆေးနွယ်ရှင်သည် ကျန်းမာရေး အတွက် အထောက်အကူပြုသော ဆေးဖက်ဝင် အပင်တစ်မျိုးဖြစ်ကြောင်း သိရသည်။
ရှီးပတီး(ခေါ် )ပိုးဆေးနွယ်ရှင်ကို ရှေးနှစ်ပေါင်း ထောင်ချီကတည်းက တရုတ်ပြည်တွင် ပြည့်ရှင်မင်းပိုင် နန်းတွင်းဆေးအဖြစ် သတ်မှတ်ထားခဲ့ပြီး သာမန်ပြည်သူများ သုံးစွဲခွင့်မရှိသော ရှားပါးဆေးဖက်ဝင် အပင်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ တစ်သောင်းကျော်တွင်သာ ရှာဖွေတွေ့ရှိ နိုင်ပြီး တရုတ်ပြည်တွင် ဆောင်းပိုး၊ နွေမြက်ဟု ခေါ်ဆိုကြသည်။ ရှီးပတီး အကောင်များသည် ဆောင်းတွင်းအေးမြ သည့်အချိန်တွင် ပိုးတုံးလုံးအနေဖြင့် ရှင်သန်နေပြီး နွေကာလတွင် မြက်ကြားမှ မှိုလေးအသွင်ဖြင့် ရှင်သန်နေခြင်းကြောင့် ခေါ်ဆိုကြခြင်းဖြစ်သည်။
ရှီးပတီး(ခေါ် ) ပိုးဆေးနွယ်ရှင်ကို စိုက်ပျိုးမွေးမြူ၍မရဘဲ သဘာဝအတိုင်း ရေခဲတောင်တွင် ရှာဖွေတူးဖော်မှသာ ရရှိနိုင်သည်။ မြန်မာနိုင်ငံတွင်မူ မြောက်ဘက်အစွန်ဆုံး ပူတာအို ရေခဲ တောင်ဒေသတွင် တွေ့ရပြီး အခြားနိုင်ငံ များအနေဖြင့် ဘူတန်၊ နီပေါနှင့် တရုတ် ပြည် အနောက်တောင်ပိုင်းဒေသတွင်သာ တွေ့ရှိရသည်။ ရှီးပတီး(ခေါ် )ပိုးဆေးနွယ် ရှင်ကို အာဟာရအကျိုးကျေးဇူး ပြည့်ဝ သော စားသုံးနိုင်သည့် မှိုမျိုးစိတ်ဝင် တစ်မျိုးအဖြစ် လူသိများကြပြီး တရုတ် ပြည်မှလာသည့် Cordyceps Sinensis မျိုးစိတ်သည် အထင်ရှားဆုံးဖြစ်သည်။
ရှီးပတီး(ခေါ် ) ပိုးဆေးနွယ်ရှင်သည် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ စိတ်ဖိစီးမှုများနှင့် ရောဂါပိုးမွှားများမှ ကာကွယ်ပေးပြီး ကိုယ်ခန္ဓာ၏ Energy Level ကိုလည်း မြှင့်တင်ပေးရုံသာမက လေ့လာတွေ့ရှိချက်များအရ ရှီးပတီး Cordyceps ကို သဘာဝကင်ဆာကုထုံးဟု သတ်မှတ်ကြကာ ကင်ဆာဆဲလ်ပြန့်ပွား ခြင်း(အထူးသဖြင့် အဆုတ်နှင့်အရေပြား)ကို ကာကွယ်ပေးနိုင်ကြောင်း သိရသည်။
ရှီးပတီး(ခေါ် )ပိုးဆေးနွယ်ရှင်များကို ရေခဲများအရည်ပျော်သည့် မိုးတွင်းကာလ တွင် သွားရောက်ရှာဖွေကြရသည်။ အဆိုပါ ရှီးပတီး(ခေါ် )ပိုးဆေးနွယ်ရှင်ဖြင့် ဖော်စပ်ထားသည့် ဆေးများ၊ ဒေသထွက် ဆေးမြစ်ဆေးဥများကို ပူတာအိုမြို့ စည်ပင်သာယာဈေးများနှင့် လေဆိပ် အရောင်းဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီး ရှီးပတီး(ခေါ် ) ပိုးဆေးနွယ်ရှင်များကို ဦးရေ၊ ပျားရည်နှင့် အခြားဆေးမြစ်ဆေး ဥအစုံဖြင့် ဖော်စပ်ထားသော ဆေးရည် အဖြစ်လည်းကောင်း၊ အကောင်လိုက် သော် လည်းကောင်း၊ ပိဿာအလိုက် လည်းကောင်း ရောင်းဝယ်လျက်ရှိကာ ပူတာအိုဒေသသို့ လာရောက်လည်ပတ်ကြ သည့် ပြည်တွင်း ပြည်ပ ခရီးသွားများ အနေဖြင့် ဆေးအဖြစ် မှီဝဲရန်လည်း ကောင်း၊ မိတ်ဆွေသူငယ်ချင်းများကို လက်ဆောင်ပေးရန်လည်းကောင်း မပါ မဖြစ် ဝယ်ယူလျက်ရှိကြသည်။
ဖုန်ကန်(ပူတာအို)