
ယဉ်လာဒ်
ရှမ်းပြည်နယ်ရဲ့ အရှေ့ပိုင်းမြို့တော်လို့ တင်စားခံရတဲ့ ကျိုင်းတုံမြို့က “ဝ” တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ ပင်းဆိုင်းကျေးရွာကို ဒုတိယ မြောက် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း (CBT) ကျေးရွာအဖြစ် ဖော်ဆောင်ခဲ့ကြပါတယ်။ ကျိုင်းတုံမြို့ကို မဝင်ခင်မှာ တည်ရှိနေတဲ့ ကျေးရွာဖြစ်ပြီး သာယာပြီး လှပတဲ့ကျေးရွာဖြစ်တာကြောင့် ပင်းဆိုင်း ကျေးရွာမှာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကို ဖော်ဆောင်ဖို့ ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။
ရှမ်းပြည်နယ် အစိုးရရဲ့ဘတ်ဂျက်နဲ့ ခရီးသွားဧည့်သည်တွေ လာရောက်နားခိုဖို့ ဧည့်ဆောင်တွေကို ဆောက်လုပ်ခဲ့တာဖြစ်ပြီး အဆောက်အအုံမြေနေရာကိုတော့ ပင်းဆိုင်းရွာက ပေးခဲ့တယ်လို့ ပင်းဆိုင်းကျေးရွာ ဥက္ကဋ္ဌ ဦးညီနပ်က ပြောပြပါတယ်။
“ရွာမြေရဲ့ နှစ်ဧကကျော်ကို ပေးထားခဲ့ပြီး ကျွန်တော်တို့ရွာလေးကို ဧည့်သည်တွေလာရောက်နားခိုနိုင်ဖို့ ရှမ်းပြည်နယ်အစိုးရရဲ့ဘတ်ဂျက်နဲ့ အဆောက်အအုံတွေ ဆောက်ပေးထားပါတယ်။ ကျွန်တော်တို့ရွာလေးက ရှုခင်းအလွန်လှပါတယ်။ အိမ်ခြေ ၂၀၀ နီးပါးလောက်ရှိပြီး စိုက်ပျိုး ရေးနဲ့ မွေးမြူရေးလုပ်ငန်းကိုသာ အဓိကမှီခိုအားထားတဲ့ရွာလေးဖြစ်ပါတယ်” လို့ ပင်းဆိုင်းကျေးရွာ ဥက္ကဋ္ဌ ဦးညီနပ်က ပြောပြပါတယ်။
ဟိုတယ်နဲ့ ခရီးသွားဝန်ဆောင်မှုတွေကို ဒေသခံတိုင်းရင်းသားတွေ အကျွမ်းတဝင်နားလည်နိုင်စေဖို့ ခရီးသွားလုပ်ငန်းဆိုင်ရာ အသိပညာ ပေးသင်တန်းတွေကို ဟိုတယ်နဲ့ခရီးသွားဝန်ကြီးဌာနက ပင်းဆိုင်း ကျေးရွာမှာ ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်လို့ “ဝ”တိုင်းရင်းသား ဒေသခံ ကိုမျိုးအောင်က ပြောပါတယ်။
ရှမ်းပြည်နယ်အစိုးရက ၂၀၂၂-၂၀၂၃ ဘတ်ဂျက်နှစ်အတွင်း ပြည်နယ် ရန်ပုံငွေနဲ့ ရှမ်းပြည်နယ်အတွင်းက ကျေးရွာတွေကို CBT ကျေးရွာအဖြစ် ဖော်ဆောင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။
“ဒီဘတ်ဂျက်ထဲမှာ ကျွန်တော်တို့ ရှမ်းပြည်နယ်တစ်ခုလုံးမှာ CBT ကျေးရွာ ၁၀ နေရာကို ဖော်ဆောင်ဖို့ လျာထားတာပါ။ ဒါပေမယ့် နှစ်နေရာက နယ်မြေမအေးချမ်းလို့ ရှစ်နေရာကိုပဲ ဖော်ဆောင်သွား မှာပါ။ အဲဒီအတွက် သိန်းပေါင်းတစ်သောင်း သုံးသွားမှာပါ” လို့ ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးထင်အောင်နိုင်က ပြောပြပါတယ်။
ကျိုင်းတုံမြို့မှာ ပထမဆုံးကျေးရွာကိုတော့ အာခါတိုင်းရင်းသား တွေ နေထိုင်ကြတဲ့ ဟိုကျင်းအာခါရွာကို ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (CBT) ကျေးရွာ ဖော်ဆောင်ခဲ့တာဖြစ်ပြီး ဒုတိယမြောက်ကျေးရွာအနေနဲ့ “ဝ” တိုင်းရင်းသားတွေ နေထိုင်ကြတဲ့ ပင်းဆိုင်းကျေးရွာကို ဖော်ဆောင် ခဲ့တာဖြစ်ပါတယ်။
“ကျိုင်းတုံမှာ အခုလို CBT ကျေးရွာတွေဖွင့်လှစ်လို့ ဂုဏ်ယူပါတယ်။ Tour Guide တွေအတွက် အကျိုးရှိလိမ့်မယ်။ ပြီးတော့ ရွာသူရွာသား အတွက် အကျိုးရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော် ထိုင်းနိုင်ငံမှာ ၁၀ နှစ်ကျော် လုပ်လာခဲ့တဲ့ အတွေ့အကြုံနဲ့ အတတ်နိုင်ဆုံး ကူညီမယ်။ ဒီကနေ ရပ်ရွာအတွက် ရိုးရာဓလေ့တွေ၊ အစားအသောက် ဆိုင်ရာတွေ၊ လူနေမှုဘဝတွေကိုလည်း သိလာစေရမယ်။ သူတို့တွေရဲ့ အသိအမြင်တွေကို ပိုပြီးတိုးတက်လာစေအောင် ကြိုးစားသွားပါမယ်”လို့ ဒေသခံ ဧည့်လမ်းညွှန် ကိုမျိုးအောင်က ပြောပါတယ်။
ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကျေးရွာကို ဖော်ဆောင်ပေးခြင်း ကနေ ကျေးရွာမှာရှိတဲ့ ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း တွေရရှိလာစေသလို ခရီးသွားတွေအတွက်လည်း လည်ပတ်စရာနေရာ တွေတိုးလာတဲ့အပြင် တိုင်းရင်းသားတို့ရဲ့ ရိုးရာဓလေ့၊ ရိုးရာယဉ်ကျေးမှု တွေကို ထဲထဲဝင်ဝင် လေ့လာသွားနိုင်စေတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေမှာဖြစ်ပါတယ်။
ရှမ်းပြည်နယ်မှာ တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြတာဖြစ်ပြီး ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်တွေ အများဆုံးလာရောက်လည်ပတ် တဲ့ ပြည်နယ်တစ်ခုဖြစ်သလို Tourism City ၊ Smart City ၊ Clean City နဲ့ ထင်ရှားတဲ့ ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။
ဒါကြောင့်မို့ တိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့၊ ရိုးရာယဉ်ကျေးမှု တွေကို ထဲထဲဝင်ဝင် လေ့လာနိုင်မယ့် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (CBT)ကျေးရွာတွေကို သွားရောက်လည်ပတ်စေဖို့ တိုက်တွန်းရေးသား လိုက်ရပါတယ်။ ။