မဟာသင်္ကြန်အကျနေ့ နေပြည်တော်၌ ရေကစားကြသူများ၊ ကုသိုလ်ပြုကြသူများဖြင့် စည်ကားများပြားလျက်ရှိ

 

နေပြည်တော်   ဧပြီ   ၁၄


ယနေ့သည် မြန်မာ့ရိုးရာမဟာသင်္ကြန် အကျနေ့ဖြစ်ပြီး မြန်မာပြည် တစ်ဝန်းလုံး၌ အတာရေပက်ဖျန်း ကစားကြသူများ၊ ကုသိုလ်ပြုကြသူများ ဖြင့် စည်ကားများပြားလျက်ရှိရာ နေပြည်တော်မြို့တော်သူ မြို့တော် သားများသည်လည်း မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို အေးချမ်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်။

 


 “သင်္ကြန်ဆိုတာ မြန်မာ့အနှစ်သာရ တစ်ခုပါ။ သင်္ကြန်ရောက်ပြီဆိုရင် အလုပ်တွေ  ခဏနား၊ အပန်းဖြေလည်ပတ်ပျော်ရွှင်တာရှိသလို ဘုရား ကျောင်းကန်သွားပြီး  ကုသိုလ်ဘာဝနာပြုသူတဲ့သူလည်း   ရှိပါတယ်။ ကျွန်တော်က မင်းဘူးမြို့ကပါ။ ဒီနှစ်တော့ ဇာတိမပြန်ဘဲ နေပြည်တော် သင်္ကြန်မှာပဲ   လည်ပတ်ဖြစ်တယ်။   မနေ့က   အကြိုနေ့ကတည်းက လည်တာ၊ စည်တယ်။ အခုနှစ် နေပြည်တော် သင်္ကြန်က လမ်းလျှောက် သင်္ကြန်ရော တခြားနေရာတွေပါ လည်ပတ်စရာ ပေါတယ်ပြောရမယ်။ အားလုံးက   လည်ပတ်ကြ၊  စတုဒိသာစားကြနဲ့   အေးအေးချမ်းချမ်း ပျော်ပျော်ပါးပါးပါပဲ” ဟု မင်းဘူးမြို့မှ ဦးထွန်းထွန်းက ပြောသည်။

 


ယနေ့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အကျနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ရေပက်ခံကားများ၊ ရေပက်ခံ ထွက်ကြသူများ၊  စတုဒိသာကျွေးမွေးအလှူဒါနပြုကြသူများ၊   ဘုရား ကျောင်းကန်များတွင် တရားဘာဝနာပွားများကြသူများနှင့် ကုသိုလ်ပြု သူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။

 


“ ကိုယ်တတ်နိုင်တာလေး လှူ၊ ဥပုသ်သီလယူပြီး အေးအေးချမ်းချမ်း နဲ့ နှစ်သစ်ကို ကြိုဆိုမှာပါ။ ဒီနေ့ကတော့ ဓာတုဇယမှာ ဘုရားဝတ်ပြုရင်း ပန်းလာလှူတာပါ။ ကုသိုလ်ပြုရင်း နှစ်သစ်ကို ကြိုဆိုသလို အပန်းဖြေ ရေကစားရင်း ပျော်ရွှင်စွာ ကြိုဆိုကြတာလည်း ရှိမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့နှစ်သစ်ကူးကို အေးချမ်း ပျော်ရွှင်စွာ ကူးပြောင်းတာက ဟိုးအရင် ကနေ ဒီနေ့ကာလအထိ၊ ဒီနေ့ကာလကနေ အနာဂတ်ကာလတွေအထိ ရှိနေမယ့်  ချစ်စရာဓလေ့ပါ။ ဒါကြောင့်  အေးချမ်းမှု၊  ပျော်ရွှင်မှုတွေနဲ့ အစပြုတဲ့ မြန်မာ့နှစ်သစ်မှာ  မြန်မာပြည်သူ   ပြည်သားတွေအားလုံး အေးချမ်း ပျော်ရွှင်ကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟု နေပြည်တော် တွင် နေထိုင်သည့် ဒေါ်ဖြိုးသူဇာအောင်က ပြောကြားသည်။

 


မြန်မာ့နှစ်သစ်ကူး  အခါသမယဖြစ်သည့်အားလျော်စွာ  နေပြည် တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဓာတုဇယဓာတ်ပေါင်းစုစေတီ တော်၊    လှေခွင်းတောင်တန်ခိုးကြီးဘုရား၊    ဘုရားကိုးဆူစေတီ၊ လောကမာရဇိန်စေတီ၊ လောက ရန်နှိမ်စေတီ၊ ရန်အောင်မြင် ရွှေလက်လှ ဘုရား၊ သတ္တသတ္တာဟသံဝေဇနိယ လေးဌာနစေတီ၊ ဖောင်တော်ချက်မ စေတီနှင့်  အခြားတန်ခိုးကြီးဘုရားကျောင်းကန်များသို့  သွားရောက် လှူဒါန်းပူဇော်ကြသူများကို တွေ့မြင်ရသည်။

 


“နေပြည်တော်ထဲ     မနက်ပိုင်း  သင်္ကြန်လည်၊   နေခင်းပိုင်းကျ လှေခွင်းတောင်မှာနားပြီး စားကြသောက်ကြ၊ ညနေကျ ပြန်လည်နဲ့ ပျော်စရာကောင်းတဲ့  နှစ်သစ်ကူးသင်္ကြန်ပါ။  သင်္ကြန်ဆိုတာ ပျော်ရွှင် စရာ၊  ချစ်စရာကောင်းတဲ့  မြန်မာ့ဓလေ့တစ်ခုမို့  သင်္ကြန်ရောက်တိုင်း လည်ဖြစ်တယ်။ ခါတိုင်းနှစ်ကတော့  ရွှေစက်တော်တို့၊ ကျောက်ဆည် ရွှေသိမ်တော်တို့    တခြားနေရာတွေကို      မိသားစုအဆင်ပြေသလို ဘုရားဖူးရင်း၊ သင်္ကြန်လည်ရင်း သွားဖြစ်တယ်။ ဒီနှစ်က ရာသီဥတုက ပူလွန်းတော့ ခရီးမသွားဘဲ နေပြည်တော်မှာပဲ သင်္ကြန်ကျတာပါ” ဟု တပ်ကုန်းမြို့မှ ဦးဖြိုးလင်းသူက ပြောသည်။

 


သင်္ကြန်ချစ်သူပြည်သူများသည်   နေပြည်တော်အတွင်း   အေးချမ်း ပျော်ရွှင်စွာ လှည့်လည် လည်ပတ်ရင်း ဇေယျာသီရိ မြို့နယ် ကျည်တောင် ကျေးရွာအုပ်စုအတွင်းရှိ     လှေခွင်းတောင်ကမ်းခြေအပန်းဖြေစခန်း၊ ကျည်တောင်ရေဆိပ်နှင့်    ပျဉ်းမနားမြို့နယ်ရှိ    အဝေရာကမ်းခြေ အပန်းဖြေစခန်းတို့တွင် အပန်းဖြေရေကစားကြသူများဖြင့် စည်ကား လျက်ရှိသည်။

 


နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မဟာသင်္ကြန် ရေကစားမဏ္ဍပ်များတွင် နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင်များက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ ကြသည့်အပြင်   ဝန်ကြီးဌာနများနှင့်   နေပြည်တော်မြို့နယ်အတွင်းရှိ မြို့နယ်များမှ ယိမ်းအဖွဲ့များက ယိမ်းအကအလှများ ကပြဖျော်ဖြေကြ သည့်အတွက် ရေပက်ခံကားများ၊ ရေကစားကြသူများ အများအပြားဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ 


အောင်မင်းဟန် 
ဓာတ်ပုံ - ထိန်နော်