ကျိုင်းတုံမြို့ရှိ ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၂)ကြိမ်မြောက် ရိုးရာမဟာသင်္ကြန် မင်္ဂလာစည်တော်တင်ပွဲပြုလုပ်

 

နေပြည်တော်   ဧပြီ    ၁၃


ရှမ်းပြည်နယ် (အရှေ့ပိုင်း)  ကျိုင်းတုံမြို့ရှိ   ဂုံရှမ်း တိုင်းရင်းသားတို့၏ (၆၁၂) ကြိမ်မြောက်  ရိုးရာမဟာသင်္ကြန်မင်္ဂလာစည်တော်တင်ပွဲကို ယနေ့တွင် အဆိုပါ မြို့ရှိ   စပ်လုံကတ်အောင်မြေနတ်နန်း၌   ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဗဟိုအကြံပေး အဖွဲ့ဝင်  ဦးစိုင်းလုံးဆိုင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့်  တာဝန်ရှိသူများ၊ ရှမ်းတိုင်းရင်းသား     ရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံရှမ်းတိုင်းရင်းသားများ တက်ရောက်ကြသည်။

 


ဦးစွာ  ဂုံရှမ်းယဉ်ကျေးမှုအဖွဲ့က နှစ်သစ်မင်္ဂလာ တေးသီချင်းဖြင့်  သီဆိုဖွင့်လှစ်ကြသည်။   ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဗဟိုအကြံပေး အဖွဲ့ဝင်၊    တိုင်းမှူးနှင့်   တာဝန်ရှိသူများက   ဂုံရှမ်း တိုင်းရင်းသားတို့၏ (၆၁၂) ကြိမ်မြောက်  ရိုးရာမဟာ သင်္ကြန်   မင်္ဂလာစည်တော်တင်ပွဲအတွက်   အလှူငွေ များပေးအပ်ရာ     ဂုံရှမ်းတိုင်းရင်းသားယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးဟောင်ခမ်းနွမ်းက  လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့်  အမှတ်တရလက်ဆောင် ပစ္စည်းများ   ပြန်လည်ပေးအပ်သည်။

 

  ယင်းနောက် နန္ဒဘေရီ မင်္ဂလာစည်တော်ကို စင်ပေါ်သို့ တင်ဆောင် ကာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဗဟို အကြံပေးအဖွဲ့ဝင်၊  တိုင်းမှူးနှင့်   တာဝန်ရှိသူများက နန္ဒဘေရီမင်္ဂလာစည်ကို    ခုနစ်ချက်တီး၍    ဆုမွန် ကောင်း တောင်းကြသည်။
ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊  တိုင်းမှူးနှင့်  တာဝန်ရှိသူများ က   မင်္ဂလာစည်တော်အား   အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး လွယ်တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်က ရိုးရာဓလေ့အတိုင်းမင်္ဂလာစည်တော်ကို အဆက်မပြတ် တီးခတ်၍ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

 


အဆိုပါ  ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၁) ကြိမ် မြောက်   ရိုးရာမဟာသင်္ကြန်  မင်္ဂလာစည်တော်တင် ခြင်းကို  ရိုးရာမပျက်ကျင်းပလျက်ရှိရာ ယခုဆိုလျှင် (၆၁၂) ကြိမ်မြောက်ရှိပြီဖြစ်ပြီး နန္ဒဘေရီ စည်တော် အား  ရိုးရာထုံးတမ်းအစဉ်အလာအရ   ယနေ့မှစ၍ ၂၄ နာရီ အဆက်မပြတ်တီးခတ်ပူဇော်ကာ ဧပြီ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင်  မင်္ဂလာစည်တော်အား လောင့်ကုပ်နမ့်ခင်ချောင်းသို့  ပို့ဆောင်ပွဲပြုလုပ်သွား မည်ဖြစ်ကြောင်းနှင့်     နန္ဒဘေရီစည်တော်အား တီးခတ်ပူဇော်ခြင်းဖြင့်     ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအဆိုအရ နိုင်ငံတော် ကြီးတည်ငြိမ်အေးချမ်းခြင်း၊ အမျိုး၊ ဘာသာ၊ သာသနာ နေလပမာ  ထွန်းကားခြင်း၊  ရာသီဥတုကောင်းမွန်ပြီး ဆန်၊ ရေ၊ စပါး ပေါများကာ   နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားပြည်သူအပေါင်း စိတ်နှလုံးချမ်းမြေ့စွာ နေနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်