လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများဆိုင်ရာ အထူးသက်သာခွင့်များ ညှိနှိုင်းကြီးကြပ်ရေးလုပ်ငန်းကော်မတီ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ပြည်တွင်းတွင်တပ်ဆင်ထုတ်လုပ်ခြင်းတို့အတွက် အခွန်နှင့် အကောက်ခွန်များကင်းလွတ်ခွင့်ပြုခြင်း

 

၁။    နိုင်ငံတော်၏ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒနှင့်အညီ လျှပ်စစ် သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်း၊ ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်ခြင်းတို့အတွက် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူအတည်ပြုချက်အရ အထူး ကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန်များကို အောက်ပါအတိုင်း ကင်းလွတ်ခွင့်ပြုထား ပါသည်-

 


    (က)    ၁၇-၁၁-၂ဝ၂၂ ရက်စွဲပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်(၄၈/၂ဝ၂၂) ဖြင့် ထုတ်ပြန်ထားသည့် ၂ဝ၂၂ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ဘက်ထရီလျှပ်စစ်ကားနှင့် ယင်း၏ဘက်ထရီများအတွက် ကုန်သွယ်လုပ်ငန်းခွန် နှင့် ဘက်ထရီလျှပ်စစ်ကားအတွက် အထူးကုန်စည်ခွန်များကို ၁-၁ဝ-၂ဝ၂၂ ရက်မှ ၃၁-၃-၂ဝ၂၃ ရက်နေ့ထိ ကင်းလွတ်ခွင့်ပြုပါသည်။

 


    ( ခ )    ဘက်ထရီလျှပ်စစ်သုံး သုံးဘီးတပ်ယာဉ်၊ နှစ်ဘီးတပ် လျှပ်စစ်မော်တော်ဆိုင်ကယ်၊ နှစ်ဘီးတပ် လျှပ်စစ်စက်ဘီး၊ လျှပ်စစ်သုံးယာဉ်များ၏ ဆက်စပ်ပစ္စည်းများ၊ အားသွင်းရုံဆိုင်ရာပစ္စည်း များနှင့် အားသွင်းစနစ်ဆိုင်ရာ ပစ္စည်းများအပေါ် ၁-၁-၂၀၂၃ ရက်မှ ၃၁-၃-၂ဝ၂၃ ရက်ထိ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

 


    ( ဂ )     ၃၀-၃-၂၀၂၃ ရက်စွဲပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၁၈/၂၀၂၃) ဖြင့် ၂ဝ၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ဘက်ထရီလျှပ်စစ်သုံး သုံးဘီး တပ် ယာဉ်များ၊ နှစ်ဘီးတပ်ယာဉ်များအပါအဝင် ဘက်ထရီလျှပ်စစ်သုံးယာဉ်များ [Battery Electric Vehicles (BEVs) ] ၊ ယင်းတို့၏ ဘက်ထရီများနှင့် ဘက်ထရီလျှပ်စစ်သုံးယာဉ်များအတွက် သီးသန့်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားလည်းကောင်း၊ ဘက်ထရီလျှပ်စစ်သုံးယာဉ် များအတွက် ဘက်ထရီအားသွင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအားလည်းကောင်း ကုန်သွယ်လုပ်ငန်းခွန်နှင့် ဘက်ထရီလျှပ်စစ်ကားအတွက် အထူးကုန်စည်ခွန်များကို ၁-၄-၂၀၂၃ ရက်မှ ၃၁-၃-၂၀၂၄ ရက်နေ့ထိ ကင်းလွတ်ခွင့်ပြုပါသည်။

 


    (ဃ)    စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏   ၂-၁၁-၂၀၂၂  ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ (၉၀/၂၀၂၂)ဖြင့် Completely Built-Up (CBU)စနစ်၊ Completely Knocked Down (CKD) စနစ်နှင့် Semi-Knocked Down (SKD) စနစ်တို့ဖြင့် ပြည်ပမှတင်သွင်းသည့် အောက်ဖော်ပြပါ ဘက်ထရီမှလျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်သည့် လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle-BEV) အမျိုးအစားများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ် ထားသောအကောက်ခွန်နှုန်းများကို သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ထားပါသည်-


            (၁)    လမ်းပေါ်တွင်မောင်းနှင်နိုင်သည့်နောက်တွဲယာဉ်ကိုဆွဲသည့်ယာဉ် 
                (Road tractor for Semi-trailer)၊
            (၂)    ယာဉ်မောင်းအပါအဝင် ၁၀ ဦး သို့မဟုတ် ၁၀ ဦးနှင့်အထက် စီးနင်းနိုင်သော ခရီးသည်တင် မော်တော်ယာဉ်
                (Bus) (Motor Vehicles for the transport of ten or more person including the driver)၊
            (၃)    ကုန်တင်ယာဉ် (Truck)၊
            (၄)    လူစီးယာဉ်(Motor Vehicles for the transport of person)၊
            (၅)    သုံးဘီးတပ်ယာဉ် (လူစီး) (Three-wheeled vehicles for transport of person)၊
            (၆)    သုံးဘီးတပ်ယာဉ် (ကုန်တင်)(Three-wheeled vehicles for transport of Goods)၊
            (၇)    လူစီးနှစ်ဘီးတပ်လျှပ်စစ်မော်တော်ဆိုင်ကယ်(Electric Motorcycle)၊
            (၈)    လူစီးနှစ်ဘီးတပ်လျှပ်စစ်စက်ဘီး ( Electric Bicycle)၊
            (၉)    လူနာတင်ယာဉ် (Ambulances)၊
            (၁၀)    ထောင်ကား(Prison Vans)၊ 
            (၁၁)    နိဗ္ဗာန်ယာဉ်(Hearses)၊
            (၁၂)    အပိုဒ်ခွဲ (က)မှ (ဋ)ထိပါ လျှပ်စစ်သုံးယာဉ်များနှင့်စပ်လျဉ်း၍ တင်သွင်းခြင်းအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ နည်းပညာပိုင်းဆိုင်ရာ ထောက်ခံချက်ပါရှိသည့် လျှပ်စစ် သုံးယာဉ်များ၏ ဆက်စပ်ပစ္စည်းများ (ဥပမာ- အားသွင်းရုံဆိုင်ရာပစ္စည်းများ၊ အားသွင်း စနစ်ဆိုင်ရာပစ္စည်းများ) နှင့် တင်သွင်းခြင်းအတွက် စက်မှုဝန်ကြီးဌာန၏ ထောက်ခံချက် ပါရှိသည့် ပူးတွဲစာရင်းပါ လျှပ်စစ်သုံးယာဉ်များ၏ အပိုပစ္စည်း (Spare Part) များ။
    

( င )    အထက်အပိုဒ်(ဃ)ပါ အမိန့်ကြော်ငြာစာသည် ၃၁-၃-၂၀၂၃ ရက်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ပါသည်။ ဆက်လက်၍ ၁-၄-၂၀၂၃ ရက်မှ ၃၁-၃-၂၀၂၄ ရက်ထိ ကင်းလွတ်ခွင့်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

 

၂။    ထို့ပြင် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်းများ နှင့်စပ်လျဉ်း၍ အောက်ပါသက်သာခွင့်များကိုလည်း စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်-
    

(က)    ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဘက်ထရီမှလျှပ်စစ်စွမ်းအင်ကို ရယူ မောင်းနှင်သည့် လျှပ်စစ်သုံးမော်တော်ယာဉ် (Battery Electric Vehicle-BEV) များကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်မှ စတင်၍ ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခကင်းလွတ်ခွင့်ပြုခြင်း၊
    

( ခ )     နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊   ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ နှင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတို့အနေဖြင့် လျှပ်စစ်သုံးယာဉ်များအပေါ် ၂၀၂၃-၂၀၂၅ အထိ ၁၀၀ % ဘီးခွန်ကင်းလွတ်ခွင့်၊ မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊ တန်ပိုကြေး၊ အရောင်းပြခန်း၊ လုပ်ငန်းလိုင်စင်၊ ညအိပ်ခ၊ ပစ္စည်းခွန် စသည်တို့အပေါ်၌အခွန်အခကင်းလွတ် ခွင့်ပြုခြင်း၊
    

( ဂ )     ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်   ရန်ကုန် - မန္တလေးအမြန်လမ်း၊  B.0.T စနစ်ဖြင့် ဆောင်ရွက်သောလမ်း၊ ကျန်ပြည်ထောင်စုလမ်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်လမ်းများတွင် လျှပ်စစ်သုံးယာဉ်များအတွက် လမ်း၊ တံတားအသုံးပြုခများနှင့်စပ်လျဉ်း၍ ၁-၄-၂၀၂၃ မှ ၃၁-၃-၂၀၂၅ အထိ“၂နှစ်”ကင်းလွတ်ခွင့်ပြုခြင်း။

 

၃။    အထက်အပိုဒ် ၁ ပါ အခွန်နှင့် အကောက်ခွန်ကင်းလွတ်ခွင့်များနှင့်စပ်လျဉ်း၍ နှစ်စဉ်ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်း၍လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်၍လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။ 

 

၄။    အထက်အပိုဒ် ၂ ပါ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခ ကင်းလွတ်ခွင့်၊ စည်ပင်သာယာရေးကော်မတီများမှ အခြားသက်သာခွင့်များ ကင်းလွတ်ခွင့်နှင့် ဆောက်လုပ် ရေးဝန်ကြီးဌာနမှ လမ်း၊ တံတားအသုံးပြုခများ ကင်းလွတ်ခွင့်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန/အဖွဲ့အစည်း များမှ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း အများပြည်သူသိရှိနိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။