
နေပြည်တော် ဧပြီ ၁၂
၁၃၈၅ ခုနှစ် မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် စက်မှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြို စတုဒိသာကျွေးမွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှု ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဇနီးများ၊ အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နှစ်သစ်ဆုမွန် ဆုတောင်းစကားပြောကြားပြီး တက်ရောက်လာသည့် ဝန်ထမ်းများနှင့် မိသားစုများ က သင်္ကြန်သီချင်းများ သီဆိုဖျော်ဖြေ၍ ပျော်ရွှင်စွာ ရေပက်ကစားကြပြီး ပါဝင်ဆင်နွှဲကြသူများကို မြန်မာ့ရိုးရာအစားအစာတို့ဖြင့် တည်ခင်းဧည့်ခံသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် နေပြည်တော် လမ်းလျှောက်သင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနမှ လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲမည့် သင်္ကြန် မဏ္ဍပ် တည်ဆောက်ပြီးစီးနေမှုနှင့် စတုဒိသာ ကျွေးမွေးနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုအခြေအနေ ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ရေသဘင်ပွဲတော် ပါဝင်ဆင်နွှဲနိုင်ရေး အလေးထားစီမံဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်