
ကျိက္ခမီ ဧပြီ ၁
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ရှိ ကျိုက္ခမီပင်လယ်ကမ်းခြေဒေသထွက် ကျောက်ပွင့်(ခေါ် ) ပင်လယ်ရေမှော်မှာ ဆေးဖက်ဝင်ပြီးလူကြိုက်များလှသဖြင့် ယခုလို ပွင့်လင်းရာသီတွင် အထူးရောင်းအားကောင်းနေသော ဒေသထွက်ကုန်တစ်မျိုးဖြစ်သည်။
ပင်လယ်ရေမှော်(Seaweed) တစ်မျိုးဖြစ်သော ပင်လယ်ကျောက်ပွင့် ကို မွန်ပြည်နယ် ကျိုက္ခမီကမ်းခြေရှိ ကျောက်တုံး၊ ကျောက်ဆောင်ကြား တွင် တွေ့ရများသည်။ မျိုးစိတ်မှာ Catenella ဖြစ်ပြီး Rhodophyta အုပ်စုဝင် Red Algae တစ်မျိုးဖြစ်၍ အမျှင်ကလေးများ သွယ်တန်းသည့် ပုံစံမျိုးရှိကာ နီညိုရောင်သန်းပြီး အခြောက်လှန်းလိုက်ပါက အညိုရောင် ပုံစံရှိကြသည်။
ပင်လယ်ကျောက်ပွင့်ကို မွန်တိုင်းရင်းသားများ အထူးတလည် ကြိုက်နှစ်သက်ကြသည်။ ကျိုက္ခမီပင်လယ်ကမ်းခြေရှိ ကျောက်တုံး၊ ကျောက်ဆောင်ကြားမှ ကျောက်ပွင့်အမျှင်လေးများ ခြစ်ယူပြီး နေလှန်း ကာ ခြောက်သွေ့သွားပါက ဒေသထွက်ကုန်အဖြစ် ရောင်းချကြသည်။
ဒေသထွက် ကျောက်ပွင့်အခြောက် တစ်ပိဿာလျှင် ကျပ် ၃၅၀၀၀ မှ ၃၇၀၀၀ အထိ ဈေးနှုန်းရှိကြသည်။ ကျောက်ပွင့်ခြောက်အနည်းငယ်ကို ရေစိမ်လိုက်ရုံဖြင့် လေးငါးဆခန့် ပွားပြီး အသုပ်များတွင် အမယ်တစ်မျိုး အနေဖြင့်လည်းကောင်း၊ သူ့ချည်းသက်သက် ဆေးဖက်ဝင် “ကျောက်ပွင့်သုပ်” အဖြစ်လည်းကောင်း စားသုံးကြသည်။
ကျိုက္ခမီပင်လယ်ကမ်းခြေဒေသထွက် Catenella မျိုးစိတ်ပင်လယ် ကျောက်ပွင့်များသည် အိုင်အိုဒင်းဓာတ်ကြွယ်ဝသဖြင့် လည်ပင်းကြီး ရောဂါရှိသူများအတွက် အထူးသင့်တော်ပြီး ပွင့်လင်းရာသီတွင် ပို၍ ရောင်းအားကောင်းကြောင်း သိရသည်။
ပင်လယ်ပြာ(ငါးဦးစီး)