
နေပြည်တော် ဧပြီ ၁
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာ သင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့်လည်း “ခါသင်္ကြန်အဆိုအက” အစီအစဉ်ကို ယခင်နှစ်များ နည်းတူ တင်ဆက်နိုင်ရေး ဌာနဆိုင်ရာများ၊ တက္ကသိုလ်နှင့်ကျောင်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များ မှ သင်္ကြန်ယိမ်းအဖွဲ့များဖြင့် ရိုက်ကူးရေး ဆောင်ရွက် လျက်ရှိသည်။
ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များ သည် သင်္ကြန်တေးသီချင်းများဖြစ်သည့် “ချမ်းပါ တယ်၊ မူယာကြော့၊ နှစ်သစ်ကြိုတဲ့သင်္ကြန်၊ တစ်နှစ် နွမ်းတစ်နှစ်ဆန်း” တေးသီချင်းများဖြင့် လည်း ကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သင်္ကြန်ယိမ်းအဖွဲ့များသည် “ချမ်းတုန်ချမ်း၊ မူယာကြော့၊ တစ်နှစ်နွမ်း တစ်နှစ် ဆန်း”တေးသီချင်းများဖြင့်လည်းကောင်း၊ မွန်းလွဲ ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနမှ သင်္ကြန်ယိမ်းအဖွဲ့များသည် “ကောင်းသော နှစ်” တေးသီချင်းဖြင့် လည်းကောင်း ရိုက်ကူးရေး ဆောင်ရွက်ကြသည်။
ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာနတို့မှ တာဝန်ရှိသူများနှင့် ယိမ်းအဖွဲ့များသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ စိန်ရတုပြတိုက် အတွင်း ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် ရုပ်သံထုတ်လွှင့်ရေးလုပ်ငန်းများတွင် အသုံးပြုခဲ့ သည့် အသုံးအဆောင်နှင့် စက်ပစ္စည်းများ၊ ရုပ်သံ ထုတ်လွှင့်မှုလုပ်ငန်းစဉ် ခင်းကျင်းပြသထားမှုများ၊ မြန်မာ့ရိုးရာနှင့် ခေတ်ပေါ်တူရိယာများ ခင်းကျင်းပြသ ထားမှုတို့ကို ကြည့်ရှုလေ့လာကြသည်။
ထို့ပြင် နိုင်ငံတစ်ဝန်းတွင် မဟာသင်္ကြန်ပွဲတော် ကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်နှင့် ပျော်ရွှင်ချမ်းမြေ့စွာ ရေကစားနိုင်ရန်အတွက် သင်္ကြန် မဏ္ဍပ်များ တည်ဆောက်လျက်ရှိကြရာ နေပြည်တော် တွင် မြို့တော်ဝန်မဏ္ဍပ်အပြင် လမ်းလျှောက်သင်္ကြန် ကိုလည်း စီမံဆောင်ရွက်လျက်ရှိသည်။
နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို မြန်မာ တို့၏ ရိုးရာသင်္ကြန်ပေါ်လွင်အောင် ရိုးရာယဉ်ကျေးမှု ကို ထိန်းသိမ်းကာ စည်းကမ်းတကျ ပျော်ပျော်ရွှင်ရွှင် ဖြစ်စေရန်နှင့် အဆင့်မီသော သင်္ကြန်တစ်ခုဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး ၎င်းတွင် တိုင်းရင်းသားသင်္ကြန်၊ လူငယ် Game သင်္ကြန်၊ သနပ်ခါးသင်္ကြန် စသည်ဖြင့် ကလေး၊ လူငယ်၊ လူကြီးများအားလုံး ပျော်ရွှင်စေမည့် ကဏ္ဍ များစွာ ပါဝင်သည့်အပြင် ဝန်ကြီးဌာနမဏ္ဍပ်များနှင့် ရေကစားမဏ္ဍပ်များ ပူးပေါင်းပါဝင်မှုဖြင့် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်