
ပဲခူး မတ် ၂၉
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းထံသို့ Golden Sunshine Co., Ltd. မှ ပဲခူးမြို့၌ ရေပေါ်ဆိုလာ လျှပ်စစ်ဓာတ်အား ပေးလုပ်ငန်း ဆောင်ရွက်ရန် ယနေ့နံနက်ပိုင်းက လာရောက် ရှင်းလင်းတင်ပြရာ တော်ဝင် ဟံသာအစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဦးစွာ Golden Sunshine Co., Ltd. ၏ ဒါရိုက်တာဦးကောင်း ထက်ဝေယံက တရုတ်နိုင်ငံ အခြေစိုက် CSEPDI Co., Ltd. နှင့် အကျိုးတူပူးပေါင်း၍ ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် ပဲခူးမြို့ မဇင်းရေလှောင်တမံတွင် ၁၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် ရေပေါ်ဆိုလာ လျှပ်စစ်ဓာတ်အား ပေးလုပ်ငန်း ဆောင်ရွက်ရန် နှင့် မဟာဓာတ်အားလိုင်းသို့ ပြန်လည်ပို့လွှတ်မည့် အစီအစဉ် အသေးစိတ်ကို ရှင်းလင်း တင်ပြသည်။
ထို့နောက် တင်ပြချက်များနှင့် ပတ်သက်၍ တက်ရောက်လာ သည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ရေလှောင်တမံ ဆိုင်ရာ အချက်အလက်များ၊ ရေပေးဝေနေမှု အခြေအနေများ၊ အနာဂတ် စီမံကိန်းများနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ် ရောင်းချခြင်းဆိုင်ရာ ကိစ္စရပ်များ ကို အကြံပြု တင်ပြဆွေးနွေးခဲ့ကြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီး သည် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကို အခြေခံသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ကာ ရေလှောင်တမံ ပေါင်း ၃၉ ခုရှိ၍ ရေပေါ်ဆိုလာ စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် အရင်းအမြစ် များ ပေါကြွယ်ဝကြောင်း၊ ပဲခူး မြို့နယ်တွင် ပြည်တွင်း ပြည်ပ စက်မှုဇုန်များ၊ စက်မှုနယ်မြေများ ရှိပြီး ဆိုလာစနစ်မှ လျှပ်စစ် ဓာတ်အား ထုတ်ယူသုံးစွဲနိုင်ပါက နိုင်ငံတော် လျှပ်စစ်ဓာတ်အား သုံးစွဲမှုအတွက်လည်း အကျိုးရှိ ကြောင်း၊ ရေပေါ်ဆိုလာစနစ်ဖြစ်၍ ရေလှောင်တမံအတွင်း ရေငွေ့ပျံမှု လျော့နည်းကာ စိုက်ပျိုးရေပေးဝေ မှုကို ထိခိုက်နိုင်မှုမရှိသည့်အပြင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်၍ သဘာဝပတ်ဝန်းကျင် ပျက်စီး မှုကိုလည်း သက်သာစေနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ အနေဖြင့် ပဲခူးမြို့ မဇင်းရေလှောင် တမံတွင် ရေပေါ်ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် လုပ်ငန်းစီမံချက်အပေါ် ကြိုဆိုပါ ကြောင်းနှင့် လိုအပ်သည်များအား ဥပဒေ၊ ညွှန်ကြားချက်များနှင့် အညီ ပံ့ပိုးကူညီ ဆောင်ရွက်ပေး မည်ဖြစ်ကာ ပြောကြားခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)