
နေပြည်တော် မတ် ၂၉
၂၀၂၃ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်သည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အား ဂုဏ်ပြုသောအားဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘောဂသီရိ အဝေးပြေးကားကွင်းအနီးရှိ မီးပွိုင့်လမ်းဆုံတွင် လည်းကောင်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် အနီး မီးပွိုင့်လမ်းဆုံတွင်လည်းကောင်း၊ အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းအနီး လမ်းဆုံတွင် လည်းကောင်း၊ ပင်လောင်းမီးပွိုင့်လမ်းဆုံနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဝင်းအတွင်း၌ လည်းကောင်း မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက် ပြီး ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေမည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) စစ်သည်များ၏ လှုပ်ရှားမှုပုံရိပ်များကို ဖော်ကျူးထားသော ပိုစတာ ကြီးများကို စိုက်ထူထားရှိသည်။
အလားတူ ပင်လောင်းလမ်းဆုံမှ စစ်ရေးပြကွင်း ကြီးသို့ သွားရောက်သည့် လမ်းတစ်လျှောက်တွင် လည်း တပ်မတော်၏ ဆောင်ပုဒ်များကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် စိုက်ထူထားပြီး စစ်ရေးပြ ကွင်းအဝင်ဝရှိ မုခ်ဦးကြီးကိုလည်း ခမ်းနားထည်ဝါစွာ တွေ့မြင်နိုင်သည်။ စစ်ရေးပြကွင်းကြီးတွင် ခံ့ညားစွာ စိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့် တတိယမြန်မာ နိုင်ငံတို့ကို တည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီးများကိုလည်းကောင်း၊ (၇၈) နှစ် မြောက် တပ်မတော်နေ့ တံဆိပ်ကြီးကိုလည်းကောင်း၊ ပန်းအလှများဖြင့် ခြယ်သထားပြီး စစ်ရေးပြကွင်းကြီး အတွင်းတွင်လည်း ဗမာ့လွတ်လပ်ရေးတပ်မတော် အလံ၊ ဗမာ့ကာကွယ်ရေးတပ်မတော်အလံ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ)အလံများ၊ ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း) ညွှန်ကြားရေးမှူးရုံး အလံများ၊ တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ်အသီးသီး နှင့် တပ်ရင်းတပ်ဖွဲ့များ၏ ရောင်စုံအလံများကိုလည်း လွှင့်ထူထားသည့်အပြင် မီးထွန်းညှိထားသည့် တပ်မတော်နေ့ မီးရှူးတိုင်ကိုလည်း ခမ်းနားထည်ဝါ စွာ တွေ့မြင်နိုင်သည်။
ထို့အပြင် ၂၀၂၃ ခုနှစ် (၇၈)နှစ်မြောက် တပ်မတော် နေ့အား ဂုဏ်ပြုသောအားဖြင့် နေပြည်တော်စစ်ရေးပြကွင်းကြီးရှေ့ရှိ တပ်မတော်ပန်းခြံတွင်လည်း မီးအလှများဖြင့် ဖန်တီးပုံဖော်ထားသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အလံနှင့် (၇၈) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်တံဆိပ်၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) တပ်ဖွဲ့များတွင် အသုံးပြုသည့် ယာဉ်ယန္တရားပုံစံငယ်များ၊ ရေယာဉ်ပုံစံငယ်များ၊ လေယာဉ်ပုံစံငယ်များ၊ ရဟတ်ယာဉ်ပုံစံငယ်များနှင့် လက်နက်ပုံစံတူများကို ပြသထားသည်။ ပန်းခြံ အတွင်း ဖိုင်ဘာဖြင့် ပြုလုပ်ထားသည် စစ်သည်ရုပ်တု ငယ်များ၊ ပုံဖော်ထားသည့် ပန်းအလှများ၊ သစ်ပင်များ တွင် တပ်ဆင်ထားသည့် မီးရောင်စုံများ၊ မီးရောင်စုံ များဖြင့် ပြုလုပ်ထားရှိရာ လာရောက်အပန်းဖြေ လည်ပတ်ကြသူများဖြင့် အထူးစည်ကားလျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်