
နေပြည်တော် ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထား ရေးလုပ်ငန်းများတွင် အာဆီယံနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Virtual Meeting ဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်ဆွေးနွေးကြသည်။
လူမှုသဟဇာတဖြစ်ရေး အဓိကလိုအပ်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းတွင် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် မည့် လုပ်ငန်းအစီအစဉ်များ၊ ကြုံတွေ့ရသည့်အခက်အခဲများ၊ ဖြေရှင်းရန်နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် လက်ရှိအခြေအနေကို နိုင်ငံတကာက သိရှိနိုင်ရေး ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ယနေ့ အစည်းအဝေး တွင် ဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အရေးသည် သိမ်မွေ့နက်နဲပြီး နိုင်ငံတကာက အာရုံစိုက်ခြင်းခံရသည့် အတွက် နိုင်ငံတကာ၏အပြုသဘောဆောင်သည့် ပူးပေါင်း ပါဝင်မှု လိုအပ်ပါကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတဖြစ်ရေးသည် အဓိကလိုအပ်ချက်တစ်ရပ် ဖြစ်ပြီး ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုနှင့်သာ အကောင်အထည်ဖော်ရေးလုပ်ငန်းများ အောင်မြင်မှုရရှိ နိုင်မည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် စိတ်စေတနာ မှန်ကန်စွာဖြင့်ဆောင်ရွက်ပြီး ထိုအောင်မြင်မှုများ ရရှိနိုင်ရန် ရင်ဆိုင်ကျော်လွှားရမည့် စိန်ခေါ်မှုအခက်အခဲများသည် နက်နက်ရှိုင်းရှိုင်း တည်ရှိနေသဖြင့် ဖော်ထုတ်ရင်ဆိုင် ကျော်လွှားရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ(၁၂)ရက်တွင် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြု ချက်များ အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်း ခဲ့ပြီး ယခု(၃)နှစ်ကျော်ကာလအတွင်း အကြံပြုချက်များကို အတတ်နိုင်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြ ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာတွင် ဖွဲ့စည်းခဲ့ သည့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီသည်လည်း ပြည်တွင်း၊ ပြည်ပ ပူးပေါင်းဆောင်ရွက်မှု အကူအညီများ ပါဝင်ပြီး အားဖြည့်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ် ကုန်အထိ အကောင်အထည်ဖော်ဆောင်ရွက်မှုများတွင် အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်းများသည် အရှိန်အဟုန်ဖြင့် အတိုင်းအတာတစ်ခုအထိ တိုးတက်ခဲ့သော်လည်း ၂၀၁၉ ခုနှစ်အစမှစ၍ ရခိုင်ပြည်နယ် အတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခြင်း၊ ၂၀၁၉ အကုန် ၂၀၂၀ ပြည့်နှစ် အစပိုင်းမှစ၍ ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါဖြစ်ပွားခြင်းတို့ကြောင့် အကောင်အထည်ဖော်မှု များခက်ခဲကာ အရှိန်အဟုန် လျော့နည်းသွားခဲ့ပါကြောင်း၊ သို့သော်လည်း သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန များနှင့် ရခိုင်ပြည်နယ်အစိုးရတို့သည် အကောင်အထည် ဖော်မှုများ လုံးဝရပ်တန့်သွားခြင်းမရှိအောင် အခက်အခဲ ကြားက ဆက်လက်ကြိုးပမ်းခဲ့ကြပါကြောင်း။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ကြပြီး ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူ များအား ပြန်လည်လက်ခံရေးနှင့်စပ်လျဉ်း၍ အာဆီယံက ပူးပေါင်းပါဝင်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ အာဆီယံအတွင်း ရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင် ရခိုင်ပြည်နယ်သို့ ကွင်းဆင်း လေ့လာနိုင်ခဲ့ကြောင်း၊ အာဆီယံဒေသတွင်းနိုင်ငံများမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် ဆန်းစစ်လေ့လာရေးအဖွဲ့ [ASEAN Emergency Response and Assessment Team (ASEAN-ERAT)] သည် ၂၀၁၉ခုနှစ်၊ မတ်လ(၄) ရက်နေ့မှ (၁၃) ရက် နေ့အထိ ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ငါးခူရပြန်လည် လက်ခံရေးစခန်းနှင့် လှဖိုးခေါင်ကြားစခန်းတို့တွင် ပြန်လည် လက်ခံရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှုများပြုလုပ်ခဲ့ပြီး တွေ့ရှိချက်အစီရင်ခံစာ ပြုစုနိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အပါအဝင် ဆက်စပ်ဝန်ကြီးဌာနများ၊ တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး သိသာထင်ရှားသည့် ပူးပေါင်းဆောင်ရွက် မှုကို နိုင်ငံတကာအသိုက်အဝန်းတွင် ပြသနိုင်ခဲ့ကြောင်း။
အစီရင်ခံစာနှစ်မျိုး ပြုစုနိုင်ခဲ့
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်နှင့် စပ်လျဉ်း၍ UNDP နှင့် ပူးတွဲဆောင်ရွက်ခဲ့သည့် Rakhine Joint Assessment (RJA) အစီရင်ခံစာနှင့် ယခု ASEAN-ERAT အဖွဲ့၏ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာတွေ့ရှိ ချက် အစီရင်ခံစာဟူ၍ အစီရင်ခံစာနှစ်မျိုးပြုစုနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အစီရင်ခံစာနှစ်မျိုးမှာ ဆန်းစစ်လေ့လာမှု နေရာကွာခြားသော်လည်း တွေ့ရှိချက်များသည် တူညီကြ ပါကြောင်း၊ ASEAN-ERAT အဖွဲ့၏ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာသည် ရခိုင် ပြည်နယ်ရှိ မြေပြင်တွင် အမှန်တကယ်ဖြစ်တည်မှုတွေ့ရှိ ချက်များကို ဖော်ထုတ်နိုင်ခဲ့သဖြင့် ပညာရေး၊ ကျန်းမာရေး နှင့် အခြားအခြေခံဝန်ဆောင်မှုများကို ဥပဒေ၊ လုပ်ထုံး လုပ်နည်းများအရ ကန့်သတ်ထားမှုမရှိကြောင်းကို အာဆီယံ အဖွဲ့ဝင်နိုင်ငံများသို့ အခြေအနေအမှန် သိရှိအောင် သက်သေပြု ပြသနိုင်ခဲ့ပါကြောင်း။
ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှုအစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်နိုင်ရန် ဝန်ကြီး ဌာနအသီးသီးက အဆိုပြုစီမံကိန်း(၃၇)ခု ပြုစုခဲ့ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့၌ ဦးစားပေးစီမံကိန်း (၇)ခုကို ရွေးချယ်အတည်ပြုခဲ့ပါကြောင်း၊ အဆိုပါစီမံကိန်း များတွင် ရခိုင်ပြည်နယ်အတွင်း ပြန်လည်လက်ခံရေး လုပ်ငန်းများကို အထောက်အကူဖြစ်စေရေးအတွက် ဒေသနှင့်ကိုက်ညီမည့် ရေဒီယိုအစီအစဉ်များနှင့် သတင်း အချက်အလက်များကို ရေဒီယိုမှတစ်ဆင့် ပိုမိုတိုးမြှင့်ရရှိစေရေးစီမံကိန်း၊ ပြန်လည်လက်ခံရေးစခန်းများတွင် ဝင်ရောက်လာသူများကို စိစစ်ခြင်းအတွက် လိုအပ်သည့် စက်ကိရိယာများ ပံ့ပိုးပေးခြင်းစီမံကိန်း၊ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု ငါးမွေးမြူရေးကန်များ တူးဖော်ပေးခြင်း စီမံကိန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အတွက် နည်းပညာနှင့် စက်ယန္တရား ဖြန့်ဖြူးပေးခြင်း စီမံကိန်း၊ ပြန်လည်လက်ခံရေးစခန်းများနှင့် ကြားစခန်းများ သို့ သွားရောက်နိုင်မည့်လမ်းများကို အဆင့်မြှင့်တင်ခြင်း စီမံကိန်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ဆက်စပ်အစိုးရအဖွဲ့အစည်းများက လူမှုကွန်ရက်မီဒီယာ များကိုအသုံးပြုပြီး သတင်းအချက်အလက် ဖြန့်ဝေခြင်းနှင့် စီမံခန့်ခွဲခြင်းတို့တွင် ပိုမိုအားကောင်းလာစေရေးစီမံကိန်း၊ ကလေးပျော်နေရာများနှင့် အမျိုးသမီးများအတွက် နေရာများစီစဉ်ပေးခြင်းအားဖြင့် ပြန်လည်ဝင်ရောက်လာ မည့်သူများနှင့် ဒေသခံများအတွက် စိတ်လူမှုဆိုင်ရာပံ့ပိုးပေး ခြင်းများ ပိုမိုရရှိစေနိုင်ရေးစီမံကိန်းတို့ ဖြစ်ပါကြောင်း။
ဦးစားပေးစီမံကိန်း (၇) ခုအနက် သတင်းအချက် အလက်များအား ရေဒီယိုမှတစ်ဆင့် ဖြန့်ချိပေးခြင်းစီမံကိန်း ကို ကိုရီးယားနိုင်ငံအစိုးရ၏ ရန်ပုံငွေပံ့ပိုးမှုဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပြန်လည်ဝင်ရောက်လာ သူများကို စိစစ်ခြင်းအတွက် လိုအပ်သည့် စက်ကိရိယာ များပံ့ပိုးပေးခြင်း၊ ငါးမွေးကန်များ ပြင်ဆင်တူးဖော်ခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာနှင့် စက်ယန္တရားများ ထောက်ပံ့ပေးခြင်းစီမံကိန်းတို့ကို ထိုင်းနိုင်ငံအစိုးရ၏ ရန်ပုံငွေပံ့ပိုးမှုများဖြင့် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ကျန်ဦးစားပေးစီမံကိန်း(၃)ခုအတွက် ရန်ပုံငွေရရှိရေး ကိုလည်း အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
စီမံချက်မူကြမ်းများ ရေးဆွဲထား
လက်ရှိအခြေအနေတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုဖီအာနန်ကော်မရှင်၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြု ချက်များ အကောင်အထည်ဖော်ရေးကော်မတီ၏ လုပ်ငန်း များကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများက အကောင် အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ သုံးသပ်ချက်အစီရင်ခံစာ(မူကြမ်း)ကို ရေးသားပြုစုပြီးဖြစ်ရာ အင်္ဂလိပ်ဘာသာဖြင့်လည်း ဘာသာပြန်ဆိုထားပြီးဖြစ်ပါ ကြောင်း၊ ထိုသုံးသပ်ချက်အစီရင်ခံစာအရ အဓိက ဆက်လက်ဆောင်ရွက်ရမည့် နိုင်ငံသားဖြစ်မှုကဏ္ဍ၊ လွတ်လပ်စွာသွားလာခွင့်ကဏ္ဍ၊ IDP ဆိုင်ရာ ကိစ္စရပ်များနှင့် ပညာရေးဆိုင်ရာကဏ္ဍတို့နှင့်စပ်လျဉ်းပြီး စီမံချက်မူကြမ်း များ ရေးဆွဲထားရှိပြီးဖြစ်ရာ ယနေ့အစည်းအဝေးတွင် ထည့်သွင်းရှင်းလင်းဆွေးနွေးသွားမည် ဖြစ်ပါကြောင်း။
ထို့အပြင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် အာဆီယံ၏ ပူးပေါင်းဆောင်ရွက် နေမှုအခြေအနေများ၊ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးဖလှယ်ကြရန်နှင့် ASEAN နှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး ကြရန်ဖြစ်ပါကြောင်းနှင့် တင်ပြဆွေးနွေးမှုများအပေါ် မူတည်၍ ရှေ့ဆက်ရမည့် လုပ်ငန်းများအတွက် ညှိနှိုင်း ကြရမည်ဖြစ်ပြီး မိမိတို့နိုင်ငံက ရခိုင်ပြည်နယ်အရေး နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိသည့် ကိစ္စများကိုလည်း နိုင်ငံတကာကသိရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ဆွေးနွေးရာတွင် ယနေ့အစည်းအဝေးတွင် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေး၌ဆွေးနွေး ပြောကြားခဲ့သည်များကို ပြန်လည်မျှဝေပေးရန်နှင့် အာဆီယံနှင့် ပူးပေါင်းအကောင်အထည်ဖော်နေသည့် စီမံကိန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်ဖြစ်ပါ ကြောင်း၊ အာဆီယံ၏ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်မည့် စီမံကိန်းများ အောင်မြင်ရေးနှင့် ကောင်းမွန်သော ပတ်ဝန်း ကျင်ကောင်းဖြစ်စေနိုင်ရေး စီမံကိန်းများအတွက် သက်ဆိုင် ရာ ဝန်ကြီးဌာနများအနေဖြင့် မိမိတို့နှင့်သက်ဆိုင်သော စီမံကိန်းများကို အကြံပြုပေးကြပါရန်ဖြစ်ကြောင်း၊ စီမံကိန်း များကို အကောင်အထည်ဖော်ရာတွင် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အကောင်အထည်ဖော်ရာ တွင် Monitoring & Evaluation ဆောင်ရွက်၍ အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများကို မျှဝေပေးနိုင်ပါက အောင်မြင်မှု ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အခက်အခဲစိန်ခေါ်မှုများ များပြား
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ် အတွင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် အခက်အခဲစိန်ခေါ်မှုများ များပြားသဖြင့် အချို့သော လုပ်ငန်းများတွင် အရှိန်အဟုန်လျော့နည်းသွားခဲ့ရသော်လည်း ရပ်တန့်သွားခြင်းမရှိအောင် ပြည်ထောင်စုအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပြန်လည်နေရာချထား ရေးလုပ်ငန်းများတွင် အာဆီယံအနေဖြင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်မှာ များစွာအထောက်အကူ ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအနေဖြင့်လည်း ရှေ့ဆက် အကောင်အထည်ဖော်မည့်လုပ်ငန်းများတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကနဦးလိုအပ်ချက်ဆန်းစစ်လေ့လာမှု အစီရင်ခံစာအရ ဦးစားပေးစီမံကိန်းများ အကောင်အထည် ဖော်နေမှုများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် က လည်းကောင်း၊ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး၌ ရခိုင်ပြည်နယ်ဆိုင်ရာဆွေးနွေးခဲ့မှုများကို အာဆီယံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က လည်းကောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက် များ အကောင်အထည်ဖော်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက် မှုများကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က လည်းကောင်း ရှင်းလင်း ဆွေးနွေးကြသည်။
ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် တက်ရောက်လာကြသူများက ရခိုင်ပြည်နယ်တွင် အာဆီယံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ ရန်ပုံငွေရရှိရေး ဆိုင်ရာ ဒေသတွင်းအစည်းအဝေးများကျင်းပရေး၊ အဆင့် မြင့် ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးကျင်းပရေး၊ ကနဦးလိုအပ်ချက် ဆန်းစစ်လေ့လာမှုအစီရင်ခံစာ အကောင်အထည်ဖော်ရေးအတွက် နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေးပွဲများ ကျင်းပရေး၊ Ad-Hoc Support Team နှင့် နည်းပညာဆိုင်ရာ အစည်းအဝေးများ ကျင်းပရေး၊ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုအစီ အစဉ်အရ FM ရေဒီယိုများ ဖြန့်ချိနိုင်ရေး ဆောင်ရွက် ထားရှိမှုအခြေအနေ၊ FM အသံလွှင့်ဆောင်ရွက်နေမှု အခြေနေ၊ ပြန်လည်လက်ခံရေးစခန်းများတွင် ဆောင်ရွက် ထားရှိမှုအခြေအနေ၊ ပြန်လည်နေရာချထားမည့် နေရာများ တွင် နေအိမ်များ ဆောက်လုပ်မည့်အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်