
ကျွန်မတို့ ပြည်သူတွေအားလုံး သိတဲ့အတိုင်းပဲ မနေ့တုန်းက ပထမဦးဆုံး စပြီးတော့ ကိုဗစ်ကာကွယ်ဆေးတွေ ထိုးပေးပါတယ်။ ပထမဆုံး စပြီး ထိုးပေးတာကတော့ ကျွန်မတို့ရဲ့ ရှေ့တန်းကနေပြီးတော့ ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်း တွေပဲ ဖြစ်ပါတယ်။ ပြည်နယ်တိုင်း၊ တိုင်းတိုင်းမှာ စပြီးတော့ အစီအစဉ်တွေ ကို လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်မလည်းသွားပြီး ကြည့်လိုက်ပါတယ်။
နေပြည်တော်မှာပေါ့။ နေပြည်တော်မှာ ထိုးနေတဲ့အစီအစဉ်၊ အဲဒီမှာဆိုရင် ကျွန်မတို့ရဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက သတ္တိရှိရှိနဲ့ တစ်ခါ တည်းကို အင်္ကျီလက်တွေ ဘာတွေ ပင့်ပြီးတော့ အထိုးခံလိုက်တာ လုံးဝ မနာဘူးလို့ပြောပါတယ်။ လုံးဝမနာတဲ့အပြင် ကျွန်မ ခုနကပဲ မေးကြည့်တဲ့အခါ ကျတော့ ဘာမှလည်းဆိုးကျိုးတွေလည်းမရှိဘူးတဲ့။ ဒါပေမယ့် မနေ့တုန်းက
အထိုးခံလိုက်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲမှာဆိုရင် သုံးပုံတစ်ပုံလောက် ကတော့ နည်းနည်းကိုက်ခဲတာတွေ၊ ချမ်းသလိုလိုဖြစ်တာတွေ၊ အဖျား ရှိသလိုလို နည်းနည်းဖြစ်တာတွေကို ၁၂ နာရီလောက် ကြာတဲ့အခါကျတော့ ဖြစ်လာပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဆိုးဆိုးရွားရွားကြီး မဟုတ်ပါဘူး။ ခဏပါပဲ။ နောက်တော့ ကောင်းသွားပါတယ်။
ဒါကတော့ ကာကွယ်ဆေးတွေဆိုရင် ဖြစ်တတ်ပါတယ်။ ဥပမာဆိုရင် သာမန်တုပ်ကွေးပေါ့။ ကာကွယ်ဆေးထိုးရင်လည်း ဒီလိုပဲဖြစ်တတ်ပါတယ်။ အကိုက်အခဲလေးတွေပေါ့။ ကြွက်သားတွေက ကိုက်တယ်၊ ခဲတယ်၊ နည်းနည်း ချမ်းချင်တယ်၊ တုန်ချင်တယ်၊ ဖျားသလိုလိုဖြစ်ချင်တယ်ပေါ့။ ဒါတွေကလည်း ရှိပါလိမ့်မယ်။ အခုထိတော့ ကျွန်မတို့ ဆိုးဆိုးရွားရွား ဘာမှမတွေ့ရပါဘူး။ အဲ့ဒါကြောင့် ဆက်ပြီးတော့လည်း ကျွန်မတို့ ဒီအစီအစဉ်ကို စနစ်တကျ လုပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်မ ခဏခဏ သတိပေးနေတာ။ ခဏခဏ သတိပေးရတာကလည်း နည်းနည်းနားငြီးမလားတော့မသိဘူး။ ဒါပေမယ့် မမေ့အောင်လို့ ခဏခဏသတိပေးတာက ဒါက ပထမထိုးခြင်းပါပဲ။ နှစ်ကြိမ် ထိုးပါမယ်။ နှစ်ကြိမ်ထိုးပြီးမှသာ ဒီဟာက ကာကွယ်မှုရသွားပြီလို့ သတ်မှတ် ရမှာဖြစ်ပါတယ်။ နှစ်ကြိမ်ဆိုတော့၊ ဒီနှစ်ကြိမ်ကြားထဲမှာ ၄ ပတ်ပေါ့။ ၂၈ ရက်။ အခုမနေ့ကထိုးတဲ့သူတွေဆိုရင် နောက်လ ၂၄ ရက်နေ့မှာထင်တယ် ပြန်ထိုး ရမယ်။ အဲဒါဆိုရင်တော့ ၄ ပတ်ပြည့်သွားပြီ။ အဲဒါပြီးမှ အကာအကွယ်ရပြီလို့ ကျွန်မတို့ သတ်မှတ်လို့ရမှာပါ။
ကျွန်မတို့ ကာကွယ်ဆေးတွေရရှိရေးကတော့ ပေးတဲ့နိုင်ငံတွေပေါ်မှာ အများကြီးတည်ပါတယ်။ ကျွန်မတို့ဝယ်နေတာလည်းရှိတယ်။ လှူမယ့်သူတွေ ကလည်း လှူမယ့်ဟာတွေရှိတယ်။ ဒါပေမယ့်လည်း ဟိုဘက်ကပေးနိုင်မှပဲ ကျွန်မတို့ကရမှာပါ။ ဒါပေမယ့် ပုံမှန်ပေါ့ တဖြည်းဖြည်း၊ တဖြည်းဖြည်း၊ တစ်လပြီးတစ်လ၊ တစ်လပြီးတစ်လ ဆက်ပြီးတော့ ပြည်သူတွေအားလုံးကို ကာကွယ်ဆေးထိုးပေးနိုင်မယ်လို့ ကျွန်မတို့ခန့်မှန်းထားပါတယ်။ အဲဒါအတွက် အစီအစဉ်တွေလည်း လုပ်ထားပါတယ်။ တစ်ချိန်တည်းမှာလည်း ကျွန်မတို့က ကိုဗစ်ကာကွယ်တယ်ဆိုတာကို ကိုဗစ်ရဲ့ ရန်ကို ကာကွယ်တယ်ဆိုတာဟာ ရောဂါတစ်ခုတည်းတင် ကာကွယ်ရတာမဟုတ်ပါဘူး။ သူ့ရဲ့အကျိုးဆက် တွေပေါ့။ အထူးသဖြင့် စီးပွားရေးအကျိုးဆက်တွေ။ ကျွန်မတို့ပြည်သူတွေရဲ့ ဘဝအပေါ်မှာ ထိခိုက်မှုတွေရှိနိုင်တဲ့ စီးပွားရေးအကျိုးဆက်တွေကို ကျွန်မတို့ ကြည့်ရပါတယ်။
အဲဒါနဲ့ပတ်သက်ရင် ကျွန်မတို့နိုင်ငံတော်ကနေပြီးတော့ ကိုဗစ်နဲ့ပတ်သက် ပြီး ပြည်သူတွေကို ထိခိုက်မှုမရှိအောင်လို့ တတ်နိုင်သမျှပံ့ပိုးတဲ့ ငွေပမာဏ ဟာဆိုရင် အခုဆိုရင်တော်တော်များလာပါပြီ။ အကြမ်းဖျင်းအားဖြင့်ဆိုရင် ချေးငွေထဲကဆိုရင် ဘီလီယံတစ်ထောင်ကျော်ပေါ့။ ဘီလီယံတစ်ထောင်ကျော် နောက်ပြီးတော့ရွှေ့ပြောင်းရန်ပုံငွေထဲကဆိုရင် ဘီလီယံတစ်ထောင်ကျော်၊ နောက်ပြီးတော့ ကျွန်မတို့ သဘာ၀ဘေးအန္တရာယ်အတွက်ကဆိုရင် ဘီလီယံ ငါးဆယ်ကျော် အားလုံးဆိုရင် ဘီလီယံနှစ်ထောင့်ခြောက်ရာကျော် သုံးခဲ့ပြီး ဖြစ်ပါတယ်။ လိုအပ်သလိုလည်း ဆက်ပြီးတော့ သုံးသွားမှာပါ။ လိုအပ်သလို လည်း ကျွန်မတို့ရဲ့ စီးပွားရေးပြန်လည်ပြီးတော့ ပုံမှန်လည်ပတ်ဖို့အတွက် ကျွန်မတို့လုပ်သွားမှာဖြစ်ပါတယ်။ မနေ့တုန်းက ကျွန်မသွားပြီးတော့ ဆေးထိုး တဲ့အစီအစဉ်ကို ကြည့်တဲ့အခါကျတော့ ကျွန်မ အင်မတန်မှ ဝမ်းသာပါတယ်။
ဝမ်းသာတယ်ဆိုတာဟာ စနိုင်လို့ပေါ့။ ဒီကာကွယ်ဆေးထိုးပေးတဲ့ အစီအစဉ် စနိုင်လို့၊ ဒါဟာ ကျွန်မတို့တစ်နိုင်ငံလုံးကိုစပြီးတော့ ကာကွယ်တာပဲ။ ကျန်းမာရေး ဝန်ထမ်းတွေကနေစပြီးတော့ အဲဒါအတွက်လည်း ဝမ်းသာတယ်။ နောက်ပြီး တော့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ကျွန်မတို့ တစ်နည်းတစ်ဖုံအားဖြင့် သူတို့ရဲ့လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုတာ ကျေးဇူးတင်တဲ့သဘော လည်းဖြစ်ပါတယ်။ ပထမဦးဆုံး ဦးစားပေးပြီးတော့ ထိုးပေးတယ်ဆိုတာ ဒီကျန်းမာရေးဝန်ထမ်းတွေက ဘယ်လောက် ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသား တွေအတွက် ဒီအချိန်မှာအဓိကကျလဲဆိုတာကို အဲဒါကိုလည်း အသိအမှတ် ပြုရာ ရောက်တယ်ဆိုတော့။ ကျေးဇူးတင်တယ်ဆိုတာ ပါးစပ်နဲ့ ပြောရတာ တော့ လွယ်တာပေါ့။ စကားနဲ့ပြောတာကတော့ ကျေးဇူးတင်တယ်၊ ကျေးဇူး တင်တယ်ဆိုပြီး ပြောရတာလွယ်ပါတယ်။ အခုကျတော့ ကျွန်မတို့က လုပ်ရပ်နဲ့ ပြနိုင်တဲ့အတွက် အင်မတန်မှ ကျေနပ်ပါတယ်။ ဒီအချိန်မှာလည်း ဒီအခွင့် ကောင်းယူပြီးတော့ ရှေ့တန်းကနေ ကျန်းမာရေးဝန်ဆောင်မှုတွေပေးနေတဲ့ ဝန်ထမ်းတွေရော၊ စေတနာ့ဝန်ထမ်းတွေရော အားလုံးကို ကျေးဇူးတင်တယ် လို့ ထပ်ပြီးတော့ပြောပါရစေ။
ကျွန်မတို့ ပြည်သူတွေကိုလည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအထိပေါ့။ တစ်ဆင့်ပြီးတစ်ဆင့် ဒီကိုဗစ်ကို ရင်ဆိုင် ပြီးတော့ ကျော်လွှားခဲ့တာဆိုတာ ပြည်သူသာအဓိကဆိုတာ ကျွန်မ ထပ်တလဲလဲ ပြောပါတယ်။ ပြည်သူမပါဘဲနဲ့ ဘာမှအောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ အခု ကျွန်မတို့ဟာ ကိုဗစ်ကို ထိန်းချုပ်တဲ့နေရာမှာလည်း တဖြည်းဖြည်း တိုးတက်လာပြီ။ နည်းနည်းတော့ နှေးတယ်လို့ ကျွန်မ ခံယူမိတယ်။ အခု ၄၀၀ နားမှာ တစ်နေတာလည်း နည်းနည်းကြာသွားပြီ။ ဟိုတစ်နေ့ကတော့ ၃၀၀ ကျော်အထိ ကျသွားပြီး နောက်တစ်ခါ ၄၀၀ ကျော် ပြန်တက်လာတယ် ပေါ့။ အဲဒီလိုပဲ တက်ပြီးတော့မှ တဖြည်းဖြည်းကျသွားမယ့် သဘောရှိပါ တယ်။ ဒီဟာကို ထိန်းသိမ်းထားဖို့တော့ လိုပါတယ်။ အခု ကျွန်မ အထူးသဖြင့် ရန်ကုန်ကပြည်သူတွေကို နည်းနည်းအားပေးစကား ပြောချင်တာက ရန်ကုန် ကျလာတယ်။ ရန်ကုန်ကျလာတာလည်း ကျွန်မတို့အတွက် အင်မတန်မှ စိတ်သက်သာရာရပါတယ်။ ရန်ကုန်မှာ လူဦးရေလည်း ထူထပ်တယ်။ လူဦးရေ ထူထပ်ပြီးတော့ ကူးလွယ်တဲ့အခြေအနေတွေရှိတဲ့အခါကျတော့ အခု ရန်ကုန် မှာ ကျလာပြီဆိုတော့ ဒါဟာ ကျွန်မတို့အတွက် အားတက်စရာပဲ။
ဒါပေမယ့် ဒါကို ထိန်းထားဖို့လိုပါတယ်။ အဲဒီတော့ ကျွန်မထပ်ပြီးတော့ သတိပေးပါရစေ။ ထိန်းထားဖို့ဆိုတာ နှာခေါင်းစည်းတပ်ရမယ်။ လက်မှန်မှန် ဆေးရမယ်။ လူစုလူဝေးဖြစ်အောင်မနေရဘူး။ ခပ်ခွာခွာပေါ့။ ၆ ပေဆိုတော့ ပြောသာပြောရတယ်။ မနေ့တုန်းက ကျွန်မ ဆေးထိုးတဲ့အစီအစဉ်သွားပြီး ကြည့်တဲ့အခါကျတော့ ၆ ပေခွာပြီး ရပ်နေတာ သိပ်မရှိကြဘူး။ တချို့တွေဆိုရင် အထူးသဖြင့် မီဒီယာသမားတွေကိုတော့ ပြောရမှာက မီဒီယာသမားတွေက ၆ လက်မတောင်မကွာဘူး။ တစ်ခါတည်းပြွတ်သိပ်နေတာပဲ။ အဲဒီတော့ အဲဒီလို ဟာတွေက ကူးနိုင်ပါတယ်ဆိုတာ ကျွန်မ သတိပေးချင်ပါတယ်။ အထူးသဖြင့် ကာကွယ်ဆေးပထမအပိုင်းထိုးပြီးတဲ့ ပြည်သူတွေကို အထူးသတိထားစေ ချင်ပါတယ်။ ပထမထိုးပြီးတော့ ဒီကြားထဲမှာ ကူးမယ်ဆိုရင် အများကြီး အများကြီး နှမြောစရာကောင်းပါတယ်။ ပထမထိုးထားတဲ့ဆေးဟာ အဟော သိကံ ဖြစ်သွားမှာပါ။ နောက်ပြီးတော့ ဒီဆေးတွေရရှိဖို့အတွက်ဆိုတာ နိုင်ငံတော်အတွက် ကုန်ကျစရိတ်ကလည်း အရေးကြီးတယ်။ ဒါပေမယ့်လည်း ရနိုင်ခြေကလည်း ခက်ခဲတယ်ဆိုတော့ ဒါဟာ အဖိုးတန်တဲ့ ထိုးဆေးတွေပဲ ဖြစ်ပါတယ်။ အဖိုးတန်တဲ့ ထိုးဆေးဆိုတော့ တစ်လုံးမှကို ကျွန်မတို့က အဖိတ် အစဉ် မဖြစ်စေချင်ပါဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အဲဒါတော့ သတိထား စေချင်ပါတယ်။ နောက် ကျွန်မတို့ လူဦးရေထူထပ်တဲ့နေရာတွေပေါ့။ Stay At Home ရောဂါလည်း ပြန့်ပွားမှုများတဲ့နေရာတွေကို ဦးစားပေးပြီးတော့ အစီ အစဉ်လိုက်ပေါ့၊ ဦးစားပေးရမယ့်သူတွေကို စပြီး အစီအစဉ်လိုက် ကျွန်မတို့ ဆက်ဆက်ပြီးတော့ လုပ်သွားဖို့ ကျွန်မတို့ ဆောင်ရွက်သွားမှာပါ။ ပြည်သူတွေ ကလည်း ပူးပေါင်းပါဝင်စေချင်ပါတယ်။ ပြည်သူတွေအနေနဲ့ ကျွန်မတို့ နိုင်ငံ အတွက်၊ ကျွန်မတို့နိုင်ငံရဲ့ လုံခြုံရေးအတွက်လုပ်နေတာပဲ။ ပြည်သူတွေ ကျန်းမာမှ၊ ပြည်သူတွေချမ်းသာမှ နိုင်ငံကလုံခြုံမယ်။ နိုင်ငံကတိုးတက်မယ်။ အဲဒီတော့ အခုလို ကာကွယ်ဆေးထိုးရပြီဆိုတော့ ကျန်းမာရေးအတွက် ကောင်းရုံတင်မကဘူး။ စိတ်လည်းသက်သာကြတာပေါ့။ အဲဒါကြောင့်မို့ အားလုံးဝိုင်းဝန်းပြီးတော့ ဒီကာကွယ်ဆေးထိုးတဲ့အစီအစဉ် အောင်မြင်ဖို့ အတွက် ကူညီကြပါ။ ပူးပေါင်းကြပါ။ ပြည်သူတွေသာ အဓိကဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့။ ကျွန်မတို့ ပြည်သူတွေ နှလုံးစိတ်ဝမ်း အေးချမ်းကြ ပါစေ။