စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၇)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကျင်းပ

 

 

နေပြည်တော် ဇန်နဝါရီ ၂၇

 

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၏ (၁၇) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

တက်ရောက်

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးရန်လင်း၊ အငြိမ်းစားသုတေသန ပညာရှင်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန သုတေသီများ တက်ရောက်ကြပြီး ဒေသဆိုင်ရာသုတေသန ဗဟိုခြံများ၊ သုတေသနခြံများမှ တာဝန်ရှိသူများ ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည် တော်များက Zoom Application အသုံးပြု တက်ရောက် ကြသည်။

အကျိုးကျေးဇူးများစွာ ဖော်ဆောင်ပေးနိုင်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုပ်ငန်းစဉ်တစ်လျှောက် ဆောင်ရွက်ရမှုကို လူအများ သိရှိ မြင်တွေ့နိုင်မည် မဟုတ်သော်လည်း အောင်မြင်သော သုတေသန၏ အကျိုးရလဒ်ကိုမူ အများပြည်သူတို့ စားသုံး ခံစားနိုင်မည်ဖြစ်ပါကြောင်း၊ သုတေသနရလဒ်ကောင်း တစ်ခုသည် အများအတွက် အကျိုးကျေးဇူးများစွာကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သဖြင့် မိမိ၏ တတ်ကျွမ်းသည့် ပညာ၊ စေတနာ၊ အနစ်နာဖြင့် နိုင်ငံတော်၏ အကျိုးတို့ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ သုတေသန လုပ်ငန်းများအား အရှိန်အဟုန်နှင့် တိုးတက်လာစေရန် နိုင်ငံတော်မှ ရန်ပုံငွေတိုးမြှင့်ရရှိနိုင်ရေးသာမက ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ခြင်း၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း တို့ကို ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက သုတေသနပညာရှင်များ၊ ထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြု ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေဖြင့် ရေမြေ ရာသီအလိုက် သင့်တော်ကောင်းမွန်သည့် သီးနှံမျိုးများ မွေးမြူထုတ်လုပ်ခြင်း၊ သီးနှံစိုက်ပျိုးနည်းစနစ်နှင့် မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးသုံးစွဲခြင်းဆိုင်ရာ သုတေသန လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ တောင်သူလယ်သမားများ သုံးစွဲနေသည့် စိုက်နည်းစနစ်များ၊ ပိုးသတ်ဆေး၊ မြေသြဇာ စသည်တို့ကို သုံးစွဲပုံနည်းစနစ်များ၊ မြေဆီလွှာ အကဲဖြတ် ခြင်း၊ ယူရီးယားနှင့် ဘိုရွန်ရွက်ဖျန်း မြေသြဇာသုံးစွဲခြင်း နှင့် မြေဆီဓာတ်ခွဲမှု အခြေခံသော မြေသြဇာနှုန်းထား ထောက်ခံချက်ပေးခြင်း၊ စိုက်ပျိုးရေ၏ အရည်အသွေး စစ်ဆေးခြင်း၊ အပင်တစ်သျှူးမွေးမြူခြင်းဖြင့် ငှက်ပျော၊ ကြံ၊ သစ်ခွမျိုးတို့ကို မျိုးသန့် ပွားများနည်း ဖော်ထုတ်ခြင်း၊ မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် ဖော်ထုတ်ခြင်း၊ သီးနှံအထွက် ကောင်းမျိုးများ မွေးမြူထုတ်လုပ်ခြင်း၊ ဒေသအလိုက် သင့်တော်သည့် စပ်မျိုးများ မွေးမြူထုတ်လုပ်ခြင်း၊ ရာသီဥတုနှင့် လိုက်လျောညီထွေမည့် သီးနှံအလိုက်၊ ဒေသ အလိုက် အကျိုးအမြတ်အများဆုံးရရှိမည့် စိုက်ပျိုးနည်းစနစ် များ ဖော်ထုတ်ခြင်းများအပြင် အစားအစာဆိုင်ရာ သုတေသန၊ လယ်ယာစီးပွားဆိုင်ရာသု တေသန၊ စပါးဇီဝ ဥယျာဉ်ဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စာတမ်းဖတ်ကြားတင်ပြမှုကို အားပေး

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် နိုင်ငံခြားပညာတော်သင်များ သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး သုတေသနပညာရှင်များ၏ စာတမ်းဖတ်ကြားတင်ပြမှုကို အားပေးချီးမြှင့်သည်။

နိုင်ငံခြားပညာတော်သင်များ သုတေသနစာတမ်း ဖတ်ပွဲတွင် စာတမ်းပေါင်း ၃၈ စောင်ကို ဖတ်ကြားကြမည် ဖြစ်ပြီး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများ၊ နိုင်ငံခြားပညာတော်သင်များ၊ သုတေသနပညာရှင်များ၊ အငြိမ်းစားသုတေသန ပညာရှင် များ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသီများ၊ တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ် ခြံများမှ သုတေသီများ တက်ရောက်ကြကြောင်း သိရသည်။ သတင်းစဉ်