ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း (ဘီလီဇီနိုင်ငံ)

Type

 

သောင်ရင်းအားမာန်

 

နိဒါန်း


ဘီလီဇီနိုင်ငံ (Belize) သည် ဗြိတိသျှ ဟွန်ဒူးရပ်စ်( British Honduras) ဖြစ်ခဲ့ပြီး ယခုအခါ စည်းမျဉ်းခံဘုရင်စနစ်ဖြင့် အုပ်ချုပ်သော လွတ်လပ် သည့်  ဒီမိုကရေစီနိုင်ငံဖြစ်ပါသည်။ ဗဟိုအမေရိက၏ မြောက်ဘက် အစွန်ဆုံးတွင်တည်ရှိပြီး       လူမျိုးစုံ၊    ယဉ်ကျေးမှုပေါင်းစုံနှင့် ဘာသာစကားပေါင်းစုံရှိပါသည်။  တရားဝင်  ရုံးသုံးဘာသာစကားမှာ အင်္ဂလိပ်ဘာသာစကားဖြစ်ပြီး     စပိန်ဘာသာစကားနှင့်    ဘလိဇ် ဘာသာစကားတို့ကိုလည်း    ပြောဆိုကြသည်။    ဘယ်လ်မိုပန် (Belmopan city)   မြို့မှာ  ဘီလီဇီနိုင်ငံ၏မြို့တော်ဖြစ်ပြီး    ဘလိဇ် (Belize city) မြို့မှာ အကြီးဆုံးမြို့ဖြစ်ပါသည်။

 


ဘီလီဇီနိုင်ငံသည် အင်္ဂလိပ်လက်အောက်ခံနိုင်ငံအဖြစ်မှ ၁၉၆၄ ခုနှစ် ဇန်နဝါရီလတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခွင့်ရသည့်နိုင်ငံဖြစ်ပြီး    ၁၉၈၁   ခုနှစ်    စက်တင်ဘာ  ၂၁     ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ 

 


ဘီလီဇီနိုင်ငံသည် ဗဟိုအမေရိကအတွင်းရှိ အရှေ့ဘက်ကျသော ကမ်းရိုးတန်းပေါ်တွင်တည်ရှိပြီး နိုင်ငံ၏မြောက်ဘက်၌ မက္ကဆီကို နိုင်ငံ၊   တောင်ဘက်နှင့်    အနောက်ဘက်တွင်   ဂွာတီမာလာနိုင်ငံ၊ အရှေ့ဘက်တွင်  ကာရစ်ဘီယံပင်လယ်ပြင်နှင့် ထိစပ်လျက်ရှိပါသည်။ ဧရိယာအားဖြင့် ၈၈၆၇ စတုရန်းမိုင် (၂၂၉၆၆ စတုရန်းကီလိုမီတာ) ကျယ်ဝန်းပြီး နိုင်ငံပိုင်မြေဧရိယာအများဆုံး ကမ္ဘာ့နိုင်ငံများစာရင်းတွင် အဆင့် ၁၄၇ အဖြစ်ရပ်တည်လျက်ရှိပါသည်။

 


၂၀၂၀ ပြည့်နှစ်က   ဒေသတွင်းကောက်ယူခဲ့သည့်  စစ်တမ်းများအရ  ခန့်မှန်းလူဦးရေ   ၄၁၉၁၉၉ ဦးရှိပြီး နိုင်ငံလူဦးရေ၏   ၅၂   ဒသမ ၉ ရာခိုင်နှုန်းမှာ မက်စတီဇို၊ ၂၅ ဒသမ ၉ ရာခိုင်နှုန်းမှာ ခရီအို၊ ၁၁ ဒသမ ၃ ရာခိုင်နှုန်းမှာ မာယာ၊ ၆ ဒသမ ၁ ရာခိုင်နှုန်းမှာ ဂါရီဖူနာ၊ ၄ ဒသမ ၈   ရာခိုင်နှုန်းမှာ  ဥရောပတိုက်သားများ၊   ၃ ဒသမ ၉ ရာခိုင်နှုန်းမှာ အင်ဒီးယန်း၊  ၁ ဒသမ ၀ ရာခိုင်နှုန်းမှာ တရုတ်စသည့် လူမျိုးစုများ နေထိုင်လျက်ရှိပြီး  ကျန် ၁ ဒသမ ၅ ရာခိုင်နှုန်းမှာ  အခြား  (မသိရှိ) လူမျိုးစုများဖြစ်ပါသည်။ ဘီလီဇီနိုင်ငံ၏ ယုံကြည်ကိုးကွယ်မှုအနေဖြင့်  နိုင်ငံ့လူဦးရေ၏  ၆၃ ဒသမ ၈ ရာခိုင်နှုန်းမှာ ခရစ်ယာန်ဘာသာ၊ ၂၅ ဒသမ   ၅  ရာခိုင်နှုန်းမှာ   ဘာသာမဲ့များဖြစ်ပြီး    ကျန်  ၁၀   ရာခိုင်နှုန်း ကျော်မှာ အခြားသောဘာသာဝင်များဖြစ်သည်။

 


အစိုးရဖွဲ့စည်းမှု


ဘီလီဇီနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ  သက်ဦးဆံပိုင်ဘုရင် စနစ်နှင့် ပါလီမန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံတစ်ခုဖြစ်ပါ သည်။    ဥရောပတိုက်ရှိနိုင်ငံများ  (အထူးသဖြင့် အင်္ဂလန်နိုင်ငံ)    ၏ Westminster ပါလီမန်စနစ်များအပေါ် အခြေခံထားသည့် ဒီမိုကရေစီ ပုံစံမျိုးဖြစ်သည်။  တတိယမြောက် ချားလ်  (King Charles III)  သည် နိုင်ငံ၏အကြီးအကဲဖြစ်ပြီး  ဘုရင်ခံဖြစ်သူ   Froyla   Tzalam   က ကိုယ်စားပြုအုပ်ချုပ်သည်။ ဝန်ကြီးချုပ်ဦးဆောင်သော အစိုးရအဖွဲ့ သည်    နိုင်ငံ၏အုပ်ချုပ်ရေးတာဝန်များကို   အဓိကဆောင်ရွက်ပြီး ပါလီမန်အတွင်းရှိ နိုင်ငံရေးပါတီများမှ ကိုယ်စားပြုခေါင်းဆောင်များ သည် အစိုးရအဖွဲ့ဝန်ကြီးများဖြစ်ကြပါသည်။  အစိုးရအဖွဲ့ဝင်ပုဂ္ဂိုလ် များမှာ လွှတ်တော် (ဆီးနိတ်) မှ ရွေးချယ်တင်မြှောက်ထားခြင်း ဖြစ် ပါသည်။ ဘီလီဇီနိုင်ငံအစိုးရအဖွဲ့  ဖွဲ့စည်းမှုတွင် အုပ်ချုပ်ရေး၊ ဥပဒေ ပြုရေး၊ တရားစီရင်ရေးနှင့် ဒေသဆိုင်ရာအခွင့်အာဏာရ စီမံခန့်ခွဲမှု ဟူ၍ ကဏ္ဍကြီးလေးခု ပါဝင်လျက်ရှိပါသည်။ 

 


လွှတ်တော်ဖွဲ့စည်းမှု


ဘီလီဇီနိုင်ငံ၏   လွှတ်တော်ကို   အထက်လွှတ်တော်    (Upper House) နှင့် အောက်လွှတ်တော် (Lower House) ဟူ၍ လွှတ်တော် နှစ်ရပ်ဖြင့် ဖွဲ့စည်းထားသည်။   လွှတ်တော်နှစ်ရပ်လုံး၏  သက်တမ်း မှာ ငါးနှစ်ဖြစ်ပါသည်။

 


(က) အထက်လွှတ်တော် (Upper House)


အထက်လွှတ်တော်ကို ဘုရင်ခံချုပ်၏အမိန့်အရ ခန့်အပ်ဖွဲ့စည်း ထားပြီး   အဖွဲ့ဝင် ၁၃ ဦးဖြင့်   ဖွဲ့စည်းထားပါသည်။ လွှတ်တော်၏ ဥက္ကဋ္ဌအဖြစ်      အဖွဲ့ဝင်များထဲမှ    သင့်လျော်သူကို   ရွေးကောက် တင်မြှောက်၍သော်လည်းကောင်း၊   လွှတ်တော်၏ပြင်ပမှ   ပုဂ္ဂိုလ် တစ်ဦးဦးကိုလည်းကောင်း ခန့်အပ်သည်။ 

 


(ခ) အောက်လွှတ်တော် (Lower House)


အောက်လွှတ်တော်ကို လွှတ်တော်ကိုယ်စားလှယ် ၃၁ နေရာဖြင့် ဖွဲ့စည်းထားသည်။  လွှတ်တော်ကိုယ်စားလှယ်ကို ဘီလီဇီနိုင်ငံ၏ ခရိုင်ခြောက်ခုအတွင်းမှ နိုင်သူအကုန်ယူစနစ် (First Past The Post – FPTP System) ဖြင့် ပြည်သူများက မဲပေးရွေးကောက်တင်မြှောက်သည်။ 

 


ကျင်းပသည့်ရွေးကောက်ပွဲများ


ဘီလီဇီနိုင်ငံ၌     ကျင်းပလေ့ရှိသည့်        ရွေးကောက်ပွဲများမှာ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ စည်ပင်ရွေးကောက်ပွဲ၊ ကြားဖြတ်ရွေးကောက်ပွဲနှင့်     ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတို့ဖြစ်ကြ သည်။

 


ရွေးကောက်ပွဲစနစ် 


အောက်လွှတ်တော်   (Lower House)  အတွက်သာ အထွေထွေ ရွေးကောက်ပွဲကို      ကျင်းပသည်။    မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP - First   Past  The Post System)  ကို  ရွေးကောက်ပွဲများ စတင်ကျင်းပခဲ့စဉ်ကပင် ယနေ့အထိကျင့်သုံးခဲ့ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်  ထည့်သွင်းပြဋ္ဌာန်းထားသည်။  ၁၉၅၄ ခုနှစ်က ဗြိတိသျှ ဟွန်ဒူးရပ်စ်တို့၏   ဥပဒေပြုရေးလွှတ်တော်မှ ဖွဲ့စည်းပုံအတိုင်း ရွေးကောက်ခံကိုယ်စားလှယ်ကိုးဦးဖြင့်    ဖန်တီးပုံဖော်ခဲ့သည်။   ၁၉၆၁ ခုနှစ်တွင် ကိုယ်စားလှယ်  ၁၈   ဦး၊ ၁၉၈၄ ခုနှစ်တွင် ကိုယ်စားလှယ် ၂၈ ဦး၊ ၁၉၉၃ ခုနှစ်တွင် ကိုယ်စားလှယ် ၂၉ ဦးမှသည် ၂၀၀၈ ခုနှစ် ရွေးကောက်ပွဲအရောက်တွင် ကိုယ်စားလှယ်အရေအတွက်ပေါင်း  ၃၁ ဦးအဖြစ်    ကိုယ်စားလှယ်ဦးရေကို   တစ်ကြိမ်ထက်တစ်ကြိမ်   ပို၍    ကျယ်ပြန့်စွာ   ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။     အမျိုးသားညီလာခံ အတွင်းရှိ     အဓိကကျသောပါတီကြီး၏    ခေါင်းဆောင်ဖြစ်သူမှာ ဘီလီဇီနိုင်ငံ၏ ဝန်ကြီးချုပ်ရာထူးတာဝန်ကို ဆက်ခံသူဖြစ်လာသည်။ 

 


ရွေးကောက်ပွဲများတွင် ဖြစ်ပွားခဲ့သည့်ထူးခြားဖြစ်စဉ်များ


ရွေးကောက်ပွဲများတွင် ဖြစ်ပွားခဲ့သည့်ထူးခြားဖြစ်စဉ်များအနေဖြင့် ပြည်သူ့ညီညွတ်ရေးပါတီ (PUP) သည် ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်            နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲတွင် အောက်လွှတ်တော်အမတ် ၂၆ နေရာအထိ အပြတ်အသတ်စံချိန်တင် အနိုင်ရခဲ့ပြီး ပြိုင်ဘက်ဖြစ်သူ  ညီညွတ်သော  ဒီမိုကရက်တစ်ပါတီ (UDP)သည် ၁၉၉၈ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးရလဒ်အနေဖြင့် ငါးနေရာသာ အနိုင်ရခဲ့သည်။ ပြီးခဲ့သောနှစ်များအတွင်း   ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားသည့်   ကပ်ရောဂါ (ကိုဗစ်-၁၉) နှင့် အပူပိုင်းမုန်တိုင်း (Eta) ၏  သက်ရောက်မှုများကြောင့်   အခက်အခဲ များ    ဖြစ်ပေါ်ခဲ့သော်လည်း   ၂၀၂၀ ပြည့်နှစ်တွင်   ကျင်းပခဲ့သည့် ရွေးကောက်ပွဲ၌ နိုင်ငံတစ်ဝန်း ဆန္ဒမဲလာရောက်ပေးသူ ၈၁ ရာခိုင်နှုန်း ကျော်ရှိခဲ့ပြီး ၁၉၉၈ ခုနှစ်နောက်ပိုင်း ဆန္ဒမဲပေးသူရာခိုင်နှုန်း အမြင့် ဆုံးအထိဖြစ်ခဲ့သည်။ 

 


ရွေးကောက်ပွဲကော်မရှင်ဖွဲ့စည်းမှု


ဘီလီဇီနိုင်ငံ၏   ရွေးကောက်ပွဲကော်မရှင်ကို  ၁၉၇၈    ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် ချမှတ်ခဲ့သော ဘီလီဇီဖွဲ့စည်းပုံအခြေခံ ဥပဒေ၏   တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပြီး   ပုဒ်မ   ၈၈    တွင်    တရား ဝင်ထည့်သွင်းဖော်ပြထားပါသည်။        ဘီလီဇီရွေးကောက်ပွဲနှင့် နယ်နိမိတ်သတ်မှတ်ရေးကော်မရှင်    (Belize   Elections    and Boundaries Commission – EBC)  ဟု ခေါ်ဆိုကြပြီး ဒေသဆိုင်ရာနှင့် နိုင်ငံလုံးဆိုင်ရာ  ရွေးကောက်ပွဲများအားလုံးကို ကြီးကြပ်ဆောင်ရွက် သည်။ ဘီလီဇီနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ နယ်နိမိတ်ကွဲပြားမှုများ ကိုလည်း    ချမှတ်ပေးသည့်အဖွဲ့ဖြစ်ပါသည်။       ကော်မရှင်သည် မဲဆန္ဒရှင်များ၏ အချက်အလက်များကို ထိန်းသိမ်းထားပြီး မဲဆန္ဒရှင် များ၏ အခြေအနေအား အချိန်အခါအလိုက် အသိပေးသည်။ တန်းတူ ညီမျှစွာ မဲခွဲဝေမှုစနစ်အား ထိန်းသိမ်းထားနိုင်ရန်  မဲဆန္ဒနယ်ဆိုင်ရာ နယ်နိမိတ်များကို ပြန်လည်ပြင်ဆင်သည့် အဆိုပြုသတ်မှတ်ချက်များ ကိုလည်း အခါအားလျော်စွာပြုလုပ်သည်။ 

 


ဗဟိုနှင့် အဖွဲ့ခွဲများဖွဲ့စည်းပုံ 


ဘီလီဇီနိုင်ငံ၏     ရွေးကောက်ပွဲနှင့်         နယ်နိမိတ်သတ်မှတ်ရေး ကော်မရှင်ကို  ဥက္ကဋ္ဌတစ်ဦးနှင့် အဖွဲ့ဝင်လေးဦးတို့ဖြင့်  ဖွဲ့စည်းထား သည်။    ဥက္ကဋ္ဌနှင့်   အဖွဲ့ဝင်နှစ်ဦးကို     အတိုက်အခံခေါင်းဆောင်နှင့် ဆွေးနွေးပြီး ဘုရင်ခံချုပ်က ခန့်အပ်တာဝန်ပေးသည်။ အခြားအဖွဲ့ဝင် များကို        အတိုက်အခံခေါင်းဆောင်၏      သဘောတူညီချက်ဖြင့် အလားတူခန့်အပ်သည်။    ဥက္ကဋ္ဌနှင့်    အဖွဲ့ဝင်လေးဦးတို့၏     ရာထူး သက်တမ်းမှာ ငါးနှစ်ဖြစ်ပါသည်။ 

 


ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို ဗဟိုရုံးနှင့် ခရိုင်ရုံး၊ မြို့နယ် ရုံးများ    ဖွဲ့စည်းဆောင်ရွက်သည်။   ခရိုင်အဆင့်ရုံးခွဲ    ခြောက်ရုံးရှိပြီး မြို့နယ်အဆင့်ရုံးခွဲများအနေဖြင့်      ၁၁    ရုံး    ဖွင့်လှစ်ထားရှိသည်။ အထက်ပါရုံးများတွင်    ရွေးကောက်ပွဲအရာရှိများ၊   လက်ထောက် ရွေးကောက်ပွဲအရာရှိများနှင့် စာရေးဝန်ထမ်းများ ခန့်အပ်ထားရှိသည်။

 


ရွေးကောက်ပွဲစီမံခန့်ခွဲမှု


ဘီလီဇီနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ  စီမံခန့်ခွဲမှုအဖွဲ့   (Electoral Management Bodies – EMB)  တွင်   ရွေးကောက်ပွဲနှင့် နယ်နိမိတ် သတ်မှတ်ရေးကော်မရှင် (Election and Boundaries Commission–  EBC) နှင့် ရွေးကောက်ပွဲနှင့် နယ်နိမိတ်သတ်မှတ်ရေးဌာန (Election and Boundaries Department – EBD)     ဟူ၍   နှစ်ခုရှိပါသည်။  ရွေးကောက်ပွဲဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့  တစ်ခုစီသည် သီးခြားတရားဝင် အဖွဲ့အစည်းများ ဖြစ်သည်။  

 


ရွေးကောက်ပွဲနှင့် နယ်နိမိတ်သတ်မှတ်ရေးဌာနကို ၁၉၈၉ ခုနှစ် တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ   ၈၈ ၏ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်မှု အပြီးတွင်     ပြည်သူ့ကိုယ်စားပြုမှုအက်ဥပဒေ    (၁၉၈၈    ခုနှစ်၏ ပြဋ္ဌာန်းချက်အပိုဒ်  ၂၆) ကို ပြင်ဆင်ချက်ပြုလုပ်ကာ တည်ထောင်ခဲ့ သည်။ ထို့နောက် ဝန်ထမ်းရေးရာကိစ္စရပ်များအားလုံးကို ရွေးကောက်ပွဲ နှင့်     နယ်နိမိတ်ကော်မရှင်မှ    ပြည်သူ့ဝန်ဆောင်မှု    ကော်မရှင်သို့ လွှဲပြောင်းပေးခဲ့သည်။      

 


၂၀၀၁ ခုနှစ် ဖေဖော်ဝါရီ  ၂၃  ရက်   ရက်စွဲပါ  အက်ဥပဒေအမှတ် (၂)  အရ  ဖွဲ့စည်းပုံအခြေခံဥပဒေကို  ပြင်ဆင်ချက်ဖြင့်   ရွေးကောက်ပွဲ အရာရှိချုပ်အား ပြည်သူ့ဝန်ဆောင်မှုကော်မရှင်ထံသို့ လွှဲပြောင်းပေးခဲ့ သည်။   ရွေးကောက်ပွဲအရာရှိချုပ်နှင့်  ဝန်ထမ်းများသည် နေ့စဉ်စီမံ ခန့်ခွဲရေးနှင့်   ရွေးကောက်ပွဲလုပ်ငန်းစဉ်     အဆင့်အားလုံးအတွက် တာဝန်ယူကြရသည်။   ရွေးကောက်ပွဲအရာရှိချုပ်သည်      ပြည်သူ့ ဝန်ဆောင်မှုဆိုင်ရာဌာန၊  ရွေးကောက်ပွဲနှင့်  နယ်နိမိတ်ကော်မရှင်သို့ အချိန်နှင့်တစ်ပြေးညီ အစီရင်ခံတင်ပြရသည်။ 

 


 ရွေးကောက်ပွဲနှင့် နယ်နိမိတ်သတ်မှတ်ရေးဌာနသည် ဗဟိုရုံး တစ်ရုံး၊ ရုံးခွဲပေါင်း    ၁၅  ခု ဖွင့်လှစ်ကာ   တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပါသည်။    ဗဟိုရုံးသည်   အုပ်ချုပ်မှုစင်တာအဖြစ် လည်းကောင်း၊  မှတ်တမ်းနှင့်အချက်အလက်အားလုံးကို ထိန်းသိမ်းရာ နေရာအဖြစ်လည်းကောင်း ဆောင်ရွက်ပါသည်။ ရွေးကောက်ပွဲဆိုင်ရာ စီမံခန့်ခွဲမှုများအနေဖြင့် မဲဆန္ဒရှင်စာရင်းများ ပြုစုရန်ညွှန်ကြားခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ  စာရင်းများပြုစုခြင်း၊ ရွေးကောက်ပွဲမှတ်တမ်း များကို   အဆင့်မြှင့်တင်ခြင်းနှင့်  ထိန်းသိမ်းခြင်း၊ ရွေးကောက်ပွဲများ ကျင်းပခြင်း၊    ရွေးကောက်ပွဲဆိုင်ရာများ    လွှဲပြောင်းပေးအပ်ခြင်းနှင့် မဲဆန္ဒရှင်အသိပညာပေးမှုများကိုလည်း ဆောင်ရွက်ကြသည်။ 

 


နိုင်ငံရေးပါတီများဆိုင်ရာ


ဘီလီဇီနိုင်ငံ၌    အဓိကအားဖြင့်   ပါတီကြီးနှစ်ခုနှင့်  ပါတီငယ် သုံးခု စုစုပေါင်း နိုင်ငံရေးပါတီ ငါးခုရှိပါသည်။ ပြည်သူ့ညီညွတ်ရေးပါတီ (People United Party – PUP ) နှင့်  ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ( United Democratic Party – UDP ) တို့မှာ ပါတီကြီးများဖြစ်ကြပြီး ဘီလီဇီပြည်သူ့ရှေ့ဆောင်ပါတီ   (Belize   People  Front – BPF)၊ ဘီလီဇီကြီးပွားရေးပါတီ  (Belize Progressive Party – BPP)  နှင့် ပြည်သူ့အမြင်ပါတီ  ( Vision Inspired  by the People – VIP) တို့မှာ ပါတီငယ်များဖြစ်ကြပါသည်။ အခြားကွယ်ပျောက်သွားသည့် ပါတီငယ် ၁၁     ခုလည်းရှိပြီး   နေရာအချို့မှလွဲ၍    တက်ကြွလှုပ်ရှားမှုနှင့် ဆောင်ရွက်မှုနည်းပါးသော    လက်ရှိပါတီငယ်နှစ်ခုလည်းရှိပါသည်။ ၎င်းတို့မှာ ကိုရိုဇယ်ရှေ့ဆောင်အင်အားစုပါတီ   (Corozal United Front – CUF )၊  ဆန်ပက်ဒရို တိုးတက်မှုအင်အားစုပါတီ ( San Pedro United Movement – SPUM ) တို့ဖြစ်ကြသည်။ 

 


ပါတီစနစ်အား  ဗဟိုလက်ဝဲ   ပြည်သူ့ညီညွတ်ရေးပါတီနှင့်   ဗဟို လက်ယာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့ကသာ အဓိကလွှမ်းမိုး ထားသည်။ ပါတီငယ်များမှာ   ယခင်ရွေးကောက်ပွဲများတွင်   ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးပြီး   သိသာထင်ရှားသော   ကိုယ်စားလှယ်အရေအတွက် နေရာများကို မည်သည့်အခါကမျှ မရရှိခဲ့သော်လည်း ပါတီငယ်များ၏ စိန်ခေါ်ယှဉ်ပြိုင်မှုများသည်လည်း   နှစ်အလျောက်   ကြီးထွားမှုရှိခဲ့ သည်။

 


 လွှတ်တော်ကိုယ်စားလှယ်လောင်းများဆိုင်ရာ


ဘီလီဇီနိုင်ငံသားဖြစ်သူ မည်သူမဆို အသက် ၂၁ နှစ်နှင့်အထက် ဖြစ်ပါက ပါလီမန်ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းအဖြစ် ရပ်တည်နိုင်သည်။   ရွေးကောက်ပွဲတွင်       ဝင်ရောက်ယှဉ်ပြိုင်လိုသူ မည်သူမဆို   အမည်စာရင်းတင်သွင်းသည့်နေ့   သို့မဟုတ်   မဲဆန္ဒရှင် အမည်စာရင်းလျှောက်ထားသည့်နေ့တွင်   တရားဝင်အမည်   စာရင်း တင်သွင်းလျှောက်ထားရန်    လိုအပ်ပါသည်။    နိုင်ငံရေးပါတီတစ်ခု  သို့မဟုတ် တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်နိုင်ရမည်။ ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန်လိုအပ်သည့်  အထွေထွေစာရင်းအတွက် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်သည့် ပုဂ္ဂိုလ် ခြောက်ဦးသည်  ကိုယ်စားလှယ်လောင်းအတွက်   သက်သေအဖြစ်   အမည်စာရင်းတင်သွင်းလွှာကို     လက်မှတ်ရေးထိုး ပေးရသည်။ ကိုယ်စားလှယ်လောင်း၏ အမည်စာရင်းတင်သွင်းလွှာတွင် လက်မှတ်ရေးထိုးပြီးပါက      ရွေးကောက်ပွဲဝင်ရန်     အဆိုတင်သွင်းခြင်း အား အတည်ပြုသည်။ အမည်စာရင်းတင်သွင်းသည့်နေ့ ညနေ ၄  နာရီအချိန်ထိ    ကိုယ်စားလှယ်လောင်းတစ်ဦးတည်းသာ    အမည်စာရင်း တင်သွင်းပါက ရွေးချယ်ခံရသူ  ပုံစံ ၂၀ တွင်  ထောက်ခံအတည်ပြုပြီး ရွေးချယ်ခံရကြောင်း       ပြန်လည်အပ်နှံရေးအရာရှိက   ကြေညာပြီး လျှောက်ထားသူအား ပုံစံ ၂၀ ထောက်ခံစာကို ပြန်လည်ပေးပို့ပါသည်။ ဘုရင်ခံချုပ်ထံပေးပို့ရန် ရွေးကောက်ပွဲအရာရှိချုပ်က ဆောင်ရွက်သည်။ ကိုယ်စားလှယ်လောင်းများအားလုံးသည်      အစိုးရဘဏ္ဍာတိုက်သို့ သတ်မှတ်ထားသော သက်ဆိုင်ရာစပေါ်ငွေများ ပေးဆောင်ကြရသည်။ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း တစ်ဦးစီ၏ မဲဆွယ်စည်းရုံးမည့် အသုံးစရိတ်အား မဲဆန္ဒနယ် တွင်     စာရင်းသွင်းထားသည့်    မဲဆန္ဒရှင်   အရေအတွက်ပေါ်မူတည်၍    ကျယ်ပြန့်စွာ        ကန့်သတ်ထားရှိသည်။    ကန့်သတ်ချက်များကို    ရွေးကောက်ပွဲနှင့်     နယ်နိမိတ်ကော်မရှင်က   ဥပဒေအရ     အဓိက ကြီးကြပ်ဆောင်ရွက်သည်။

 


မဲဆန္ဒရှင်များဆိုင်ရာ


အသက် ၁၈ နှစ်ပြည့်ပြီး ဘီလီဇီနိုင်ငံသားဖြစ်သူ၊  ဘီလီဇီနိုင်ငံ၌ ပုံမှန်  ၁၂  လထက်မနည်း နေထိုင်ခဲ့ပြီး မည်သည့်ဓနသဟာယနိုင်ငံများတွင်မဆို နေထိုင်သူ၊ ရွေးကောက်ပွဲကျင်းပရာနယ်မြေတွင် နှစ်လ ထက်မနည်း     အမှန်တကယ်အခြေချနေထိုင်သည့်      မည်သည့် ဓနသဟာယနိုင်ငံမှ     ပုဂ္ဂိုလ်မဆို      မဲဆန္ဒရှင်အဖြစ်     မှတ်ပုံတင် စာရင်းသွင်းနိုင်ပြီး    ဆန္ဒမဲပေးခွင့်ရှိသည်။   မဲဆန္ဒရှင်အမည်စာရင်း သွင်းရန်       သက်ဆိုင်ရာဒေသရှိ    ရွေးကောက်ပွဲနှင့်     နယ်နိမိတ် သတ်မှတ်ရေးဦးစီးဌာန၏  မှတ်ပုံတင်ရုံးသို့  သွားရောက်ပြီး မှတ်ပုံ တင်ခြင်း (လျှောက်ထားခြင်း) ကို ပုံမှန်ရုံးချိန်အတွင်းတွင် လျှောက်ထား နိုင်သည်။ အဆိုပါ မဲဆန္ဒရှင် အမည်စာရင်းသွင်းခြင်းလုပ်ငန်းများကို ဘီလီဇီနိုင်ငံတစ်ဝန်းရှိ ရုံးခွဲ ၁၄ ခုတွင် ဆောင်ရွက်ပေးပြီး မဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ   တာဝန်ကျအရာရှိများက  ကြီးကြပ်ကွပ်ကဲပါ သည်။  မဲဆန္ဒရှင်များသည် မဲဆန္ဒရှင်အမည်စာရင်းသွင်းရန် နိုင်ငံသား ဖြစ်ကြောင်းနှင့်    မွေးသက္ကရာဇ်    အထောက်အထားများအတွက် မွေးစာရင်းလက်မှတ်၊        နိုင်ငံကူးလက်မှတ်၊    မွေးစားခြင်းဆိုင်ရာ လက်မှတ်၊ အခြားလိုအပ်မည့် စာရွက်စာတမ်းအထောက်အထားများ နှင့်တကွ     နိုင်ငံသားစိစစ်ရေးကတ်များကို   တင်ပြရသည်။    ဆန္ဒမဲ အမှန်တကယ်ပေးလိုပြီး ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အရည် အချင်းပြည့်မီသူ မဲဆန္ဒရှင်များအနေဖြင့်  သက်ဆိုင်ရာဒေသရှိ ရုံးခွဲ များသို့   ကိုယ်တိုင်သွားရောက်ပြီး   လျှောက်ထားမှသာ    မဲဆန္ဒရှင် စာရင်းတွင်ပါဝင်ပြီး ဆန္ဒမဲပေးခွင့်ရမည့်  နည်းစနစ်မျိုး ကျင့်သုံးခြင်း ဖြစ်သည်။

 


ဆန္ဒမဲပေးခြင်း


ဆန္ဒမဲပေးရမည့်နေရာများအဖြစ် မဲဆန္ဒနယ်တစ်ခုစီကို မဲရုံတစ်ရုံ အဖြစ်သတ်မှတ်ပြီး   မဲရုံတစ်ရုံအတွင်းတွင်   မဲရုံငယ်များဖြင့် ခွဲခြား သတ်မှတ်ထားသည်။      ဆန္ဒမဲပေးသည့်အခါ    မဲဆန္ဒရှင်အမည် စာရင်းတွင်ပါဝင်ပြီးသူဖြစ်ပါက အမည်၊  မဲရုံအမှတ်နှင့်  မဲပေးရမည့် မဲရုံလိပ်စာတို့ကို ရိုက်နှိပ်ထားသည့် မဲဆန္ဒရှင်ကတ်ပြားကို စာတိုက်မှ တစ်ဆင့်  လက်ခံရရှိမည်ဖြစ်သည်။      မဲဆန္ဒရှင်ကတ်ပြားများသည် သက်ဆိုင်ရာမဲဆန္ဒရှင်များ၏ အချက်အလက်များ ရေးသွင်းထားခြင်း ဖြစ်ပြီး ဆန္ဒမဲပေးသည့်အခါ  မဲဆန္ဒရှင်ကတ်ပြားကို ယူဆောင်လာရ သည်။   မဲရုံအများစုကို   ကျောင်းများ၊ ရပ်ရွာစင်တာများနှင့် ဘုရား ကျောင်းများကဲ့သို့ အများနှင့်သက်ဆိုင်သော အဆောက်အအုံများတွင် အသုံးပြုရန် သတ်မှတ်ထားသော်လည်း လိုအပ်ချက်ရှိပါက  အခြား သော အဆောက်အအုံများကိုလည်း အသုံးပြုနိုင်သည်။  ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်ကို  ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်  နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ဆောင်ရွက်နိုင်သည်။ ဆန္ဒမဲပေးရာတွင် လျှို့ဝှက် ဆန္ဒမဲပေးသည့်စနစ်ကျင့်သုံးပြီး   မဲရုံအတွင်းရှိ ဆန္ဒပြုရန် သတ်မှတ် ထားသောနေရာ၌သာ  ဆန္ဒမဲပေးရသည်။   မဲရုံအတွင်း၌  မဲရုံတာဝန်ခံ  သို့မဟုတ်    ဥက္ကဋ္ဌ၊  မဲရုံအရာရှိနှင့်    တာဝန်ရှိသူများ၊      တာဝန်ကျ ရဲအရာရှိများ၊ ကိုယ်စားလှယ်လောင်းများ၊ ၎င်းတို့၏ ရွေးကောက်ခံကိုယ်စားလှယ်များသည်လည်း  ရွေးကောက်ပွဲအား   တရားမျှတစွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်အသီးသီးကို ထမ်းဆောင် ကြသည်။  မဲရုံမဖွင့်မီအချိန်ကပင်   ဥပဒေအရ   ဆန္ဒမဲပေးနိုင်သည့် အချိန်အတွင်း မဲရုံတာဝန်ခံဥက္ကဋ္ဌနှင့်  မဲစာရင်းရေးသွင်းသူ ဝန်ထမ်း နှစ်ဦးတို့သည်  မဲရုံသို့ နံနက် ၆ နာရီ  မတိုင်မီ   လာရောက်ပြီး လိုအပ် သည်များကို   ကြိုတင်ပြင်ဆင်ကြရသည်။  

 

ရွေးကောက်ပွဲဆိုင်ရာသတိပေးချက်များ၊    ကြေညာချက်များနှင့်  ဆန္ဒမဲပေးနိုင်မည့်  အစီ အစဉ်များကို စနစ်တကျဆောင်ရွက်ကြသည်။ နံနက် ၆ နာရီ ၄၅ မိနစ်တွင်    မဲရုံတာဝန်ခံဥက္ကဋ္ဌသည်   မဲပုံးများကို    စစ်ဆေးရပြီး ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများနှင့် အခြားတာဝန် ရှိသူများကို ပြသ၍  မည်သည့်မဲလက်မှတ်မှ မဲပုံးထဲတွင်မရှိကြောင်း သက်သေပြရသည်။    ထို့နောက်    မဲပုံးများအား     လုံခြုံရေးကြိုးများ သို့မဟုတ်  သော့များဖြင့်  လုံခြုံစွာပိတ်ကာ ဆန္ဒမဲပေးခြင်းကို ခွင့်ပြု သည်။        မဲလက်မှတ်များပေါ်တွင်       ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်းများ၏   အမည်များကို    အက္ခရာအစဉ်လိုက် ဖော်ပြထားသည်။

 


ရွေးကောက်ပွဲရလဒ်များ ရေတွက်ခြင်း၊ ကြေညာခြင်း


မဲပုံးအားလုံးကို  မဲရေတွက်သည့် မဲဆန္ဒနယ်တစ်ခုစီ၏ အလယ် ဗဟိုနေရာတွင်ရှိသော    မဲရေတွက်ရန်   သတ်မှတ်ထားရာစင်တာသို့ လုံခြုံစွာသယ်ဆောင်သွားပြီးနောက် မဲပုံးတစ်ခုချင်းစီကို ရှင်းလင်းစွာ နေရာချထားပေးရသည်။   မဲလက်မှတ်များကိုရောနှောကာ   ကူညီ ဆောင်ရွက်ပေးသူများက    မဲများကိုရေတွက်ကြသည်။    ဝင်ရောက် ယှဉ်ပြိုင်သည့်  ကိုယ်စားလှယ်လောင်းများ၏ရှေ့တွင်  ဆောင်ရွက် ပေးရသည်။ မဲပုံးနှစ်ပုံးအား  တစ်ပြိုင်တည်းရေတွက်နိုင်သည်။ မဲရေ တွက်သည့်အဖွဲ့တွင်    မဲရေတွက်သည့်    အရာရှိလေးဦး    ပါဝင်သည်။ တစ်ဦးသည်   မဲလက်မှတ်များကို  ရေတွက်ပြီးကြောင်း စာရင်းသွင်း မှတ်တမ်းတင်ရန်၊ တစ်ဦးသည် မဲဆန္ဒနယ်အလိုက် မဲများကို အစုအဝေး ၂၅   ခုဖြင့် စုစည်းပြုစုရန်၊  အခြားအရာရှိနှစ်ဦးမှာ မဲစာရင်းစာရွက် ပေါ်တွင်  မှတ်တမ်းတင်ရန် ရေတွက်ပေးရခြင်းဖြစ်သည်။ မဲအားလုံး ကို     ရေတွက်ပြီးသောအခါ   ရလဒ်များကို     သက်ဆိုင်ရာအရာရှိက တရားဝင်ကြေညာပေးသည်။    မဲပုံးများအားလုံးကို    တစ်ခုမကျန် ရေတွက်ပေးရမည့်အချိန်နှင့်    ရေတွက်မှုရလဒ်အပေါ်      မူတည်၍ နောက်ဆုံးရလဒ်ကို  ညသန်းခေါင်ယံမတိုင်မီ ထုတ်ပြန်ကြေညာနိုင် သည်။

 

ကိုယ်စားလှယ်လောင်းတစ်ဦးဦးက လိုအပ်ချက်အရ မဲရလဒ် များကို ပြန်လည်ရေတွက်ပေးရန်တောင်းဆိုနိုင်ပါသည်။    ပြန်လည်ရေတွက်ပေးရသည့်အရာရှိသည်       ကိုယ်စားလှယ်လောင်းများထံ   လိုအပ်မည့်အကြံများကို   ပေးမည် ဖြစ်ပြီး    ရေတွက်သည့်ရလဒ်ကိန်းဂဏန်းများအပေါ် သက်ရောက် စေသည့်   ဆောင်ရွက်မှုများကိုပြုလုပ်ပေးရသည်။ ကိုယ်စားလှယ် လောင်းများနှင့် မဲရေတွက်သည့် တာဝန်ရှိသူများ   နှစ်ဖက်စလုံးက ရလဒ်အား   ကျေနပ်အားရသည်အထိ    ပြန်လည်ရေတွက်ခြင်းကို ဆက်လက်လုပ်ဆောင်နိုင်သည်။

 


ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ


ဘီလီဇီနိုင်ငံ၏ ပထမဦးဆုံးပါတီစုံရွေးကောက်ပွဲမှာ ၁၉၅၄ ခုနှစ် တွင်   ကျင်းပခဲ့ခြင်းဖြစ်ပြီး   ၁၉၅၇၊  ၁၉၆၁၊ ၁၉၆၅၊ ၁၉၆၉၊ ၁၉၇၄၊ ၁၉၇၉      ခုနှစ်များတွင်လည်း     ဒီမိုကရေစီရွေးကောက်ပွဲများအား ထူးခြားချက်အနေဖြင့် သုံးနှစ်လျှင် တစ်ကြိမ်စီ ကျင်းပခဲ့သည်။ ၁၉၇၉ ခုနှစ်  ရွေးကောက်ပွဲနောက်ပိုင်းမှစ၍ ငါးနှစ်လျှင် တစ်ကြိမ်စီ ကျင်းပ သည့်စနစ်အဖြစ်  ပြောင်းလဲကျင့်သုံးခဲ့ကြကာ ၁၉၈၄၊ ၁၉၈၉၊ ၁၉၉၃၊ ၁၉၉၈၊ ၂၀၀၃၊ ၂၀၀၈၊ ၂၀၁၂ နှင့် ၂၀၁၅  ခုနှစ်များတွင်လည်း ပါတီစုံ ရွေးကောက်ပွဲများကို ထပ်မံကျင်းပခဲ့သဖြင့် ဘီလီဇီနိုင်ငံ၏သမိုင်းတွင် ၁၉၅၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ   ရွေးကောက်ပွဲ  ၁၆ ကြိမ် ကျင်းပခဲ့ သည်။ လာမည့်ပါတီစုံအထွေထွေရွေးကောက်ပွဲကိုလည်း ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ   ၁၃   ရက်ထက်နောက်မကျဘဲ    ကျင်းပသွားမည်ဖြစ် သည်။

 


နောက်ဆုံးကျင်းပခဲ့သည့် ရွေးကောက်ပွဲ


ဘီလီဇီနိုင်ငံ၏ အနီးစပ်ဆုံးကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ်   နိုဝင်ဘာ  ၁၁  ရက်က ကျင်းပခဲ့ခြင်းဖြစ်ပြီး   အဆိုပါရွေးကောက်ပွဲသည် ၁၉၅၄ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာအရွယ်ရောက်ပြီးသူများ လွတ်လပ်စွာဆန္ဒမဲပေးနိုင် ခွင့် မူဝါဒကို ကျင့်သုံးခဲ့သည့် ၁၆ ကြိမ်မြောက်   ရွေးကောက်ပွဲကြီး ဖြစ်ခဲ့ကာ   ၁၉၈၁    ခုနှစ်နောက်ပိုင်း    အင်္ဂလိပ်တို့    လက်အောက်မှ လွတ်လပ်ရေးရခဲ့ပြီးနောက်       ကျင်းပခဲ့သည့်    ရှစ်ကြိမ်မြောက် ရွေးကောက်ပွဲလည်းဖြစ်ပါသည်။ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်လောင်းများ၏    အမည်စာရင်းများကို    ၂၀၂၀      ပြည့်နှစ် အောက်တိုဘာ  ၂၁  ရက်ကတည်းက ကြေညာကာ ကြိုတင်ပြင်ဆင် ခဲ့ကြခြင်းလည်းဖြစ်ပါသည်။            အဆိုပါရွေးကောက်ပွဲကြီးတွင် အောက်လွှတ်တော်ရှိ ကိုယ်စားလှယ်နေရာပေါင်း ၃၁ နေရာအနက် ပြည်သူ့ညီညွတ်ရေးပါတီ  (People United Party – PUP)  က  ၂၆ နေရာအထိ စံချိန်တင်အနိုင်ရခဲ့ကာ နိုင်ငံတစ်ဝန်းလုံးမှ   ဆန္ဒမဲပေးသူ ၅၉    ဒသမ  ၆  ရာခိုင်နှုန်းအထိ    ထောက်ခံအားပေးမှုရရှိခဲ့ခြင်း ဖြစ်သည်။   အတိုက်အခံလည်းဖြစ်ပြီး      ပြိုင်ဘက်လည်းဖြစ်သူ     ညီညွတ်သော ဒီမိုကရက်တစ်ပါတီ    (United   Democrative Party – UDP)    မှာ နိုင်ငံတစ်ဝန်းလုံးမှ ဆန္ဒမဲပေးသူ ၃၈ ဒသမ ၈၄ ရာခိုင်နှုန်း၏      ထောက်ခံမှုဖြင့်    အောက်လွှတ်တော်အမတ်နေရာ ငါးနေရာရရှိခဲ့သည်။ 

 


နိဂုံး


ဘီလီဇီနိုင်ငံ၏    ရွေးကောက်ပွဲနှင့်    နယ်နိမိတ်သတ်မှတ်ရေး ကော်မရှင် (Election and Boundries Commission – EBC) သည် မဲဆန္ဒရှင်စာရင်းများပြုစုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက် များပြုစုခြင်း၊ ရွေးကောက်ပွဲမှတ်တမ်းများကို အဆင့်မြှင့်တင်ခြင်းနှင့် ထိန်းသိမ်းခြင်း၊     ပါတီစုံဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲများ ကျင်းပခြင်းတို့ကို        အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ရွေးကောက်ပွဲနှင့်နယ်နိမိတ်    (မဲဆန္ဒနယ်များ)    သတ်မှတ်ရေးဌာန (Election and Boundaries Department – EBD)  အား  ၁၉၈၉ ခုနှစ်တွင်    ဖွဲ့စည်းခဲ့ပြီး  မဲဆန္ဒရှင်များဆိုင်ရာ အချက်အလက်များ စနစ်တကျလွှဲပြောင်းနိုင်ရေး၊ ကျွမ်းကျင်သောရွေးကောက်ပွဲဆိုင်ရာ ဝန်ဆောင်မှုများကို    လုပ်ကိုင်နိုင်ရေး၊    ရွေးကောက်ပွဲစနစ်အပေါ် ပြည်သူလူထုမှ  ယုံကြည်မှုခိုင်မာစေရေးနှင့်  မဲဆန္ဒရှင်များအား အသိ ပညာပေးကာ     ရွေးကောက်ပွဲတွင်     ပါဝင်လာမှုအဆင့်များကို မြှင့်တင်ရေးတို့အတွက်   ဦးစီးဌာန၏ လုပ်ငန်းဆောင်တာများကို အနီးကပ်ကြီးကြပ်စီမံကွပ်ကဲကာ ဘီလီဇီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ပွင့်လင်းပြီးတရားမျှတ၍ လွတ်လပ်သောရွေးကောက် ပွဲများ  ကျင်းပပေးနိုင်ရန်  အဓိကထားဆောင်ရွက်လျက်ရှိပါသည်။ ပွင့်လင်းမြင်သာမှု၊     တရားမျှတမှုနှင့်      ဘက်လိုက်မှုကင်းသော ရွေးကောက်ပွဲဆိုင်ရာ   လုပ်ငန်းများကို ထိန်းသိမ်းမြှင့်တင်ပေးခြင်း နှင့်  တိကျမှန်ကန်ပြီး   စနစ်တကျဖြစ်စေရန်အတွက် နိုင်ငံရေးပါတီ များကို ဥပဒေနှင့်အညီ ကြီးကြပ်ခြင်းအားဖြင့် နိုင်ငံ၏ဒီမိုကရေစီစနစ် အား တိုးတက်မြင့်မားစေရန်   ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ထင်ရှားသောအဖွဲ့အစည်းတစ်ခုဖြစ်သည့်အပြင် ကျင့်သုံးလျက်ရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်   နည်းစနစ်များမှာ   လေ့လာ မှတ်သားဖွယ်ရာများစွာရှိနေပါကြောင်း      မှတ်တမ်းတစ်ခုအဖြစ် ရေးသားတင်ပြအပ်ပါသည်။      ။