ခါတစ်ခေါက် လာရောက် လည်ပတ်စေချင် စစ်ကိုင်းတစ်ခွင်

Type
1

 

ဒေါက်တာ တင်မာမာဦး( စစ်ကိုင်း) 
 

စစ်ကိုင်းဟုဆိုကြလျှင် စစ်ကိုင်းတောင်၊ မင်းဝံ တောင်နှင့် မင်းကွန်းဒေသများသည်လည်း ခွဲခြား၍ မရသောအရာများ ဖြစ်သည်။  စစ်ကိုင်းတောင်ပေါ် တွင် ရာပေါင်းများစွာသောဘုရားများကို ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် တွေ့မြင်နိုင်သည်။ စစ်ကိုင်းတောင်နှင့် မင်းကွန်းဒေသများသည် တရားအားထုတ်ရာ စခန်း များဖြင့်လည်း လူသိများလှသည်။ ဧရာဝတီမြစ်နှင့် အပြိုင်  တည်ရှိနေသော  စစ်ကိုင်းတောင်ရိုးပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီပုထိုး များ၏  ခံ့ညားလှပသော   ရှုခင်းများသည်လည်း လာရောက်လည်ပတ်သည့်     ဧည့်သည်များအား ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။ 

 


အံ့မခန်းဖွယ်ရာမြင်ကွင်းများကို တွေ့နိုင်


ဇေယျာရွှေမြေသို့ လာရောက်လည်ပတ်သည့် ဧည့်သည်များအနေဖြင့်   ရွှေရောင်လွှမ်းနေသော ဘုရားများ၏   အံ့မခန်းဖွယ်ရာမြင်ကွင်းများကို စစ်ကိုင်းတစ်ဝိုက်တွင် တွေ့နိုင်သလို တိုင်းဒေသကြီး အတွင်းရှိ   နာမည်ကြီး    ဘုရားတစ်ဆူဖြစ်သော မင်းကွန်းပုထိုးတော်ကြီးကို လေ့လာနိုင်ရန်အတွက် မင်းကွန်းသို့လည်း ခရီးဆက်နိုင်သည်။ 

 


သမိုင်းမှတ်တမ်းများအရ မင်းကွန်းပုထိုးတော် ကြီးကို   ၁၁၅၂   ခုနှစ်တွင်    စတင်အုတ်မြစ်ချ ဆောက်လုပ် ခဲ့ပြီး အမြင့် ၁၆၂ ပေရှိ၍ ဌာပနာတိုက် ပေါင်း ၂၁ တိုက်တွင် ဘုရား၊ ရဟန္တာတို့၏ဓာတ်တော် မွေတော်များ၊ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့၏ ရွှေ၊  ငွေရုပ်တုများ၊   ဗုဒ္ဓဝင်ရွှေ၊   ငွေရုပ်တုများ၊  ကုန်းဘောင်မင်းဆက်   ဘုရင်များနှင့်  ဆွေတော် မျိုးတော်များ၏ ရွှေရုပ်တုများကို ထည့်သွင်းပူဇော် ထားရှိကြောင်း သိရသည်။

 


မင်းကွန်းပုထိုးတော်ကြီးကို  ဖူးမြော်ကြည်ညို ပြီးပါက  အနီးရှိ   ဘုံခုနစ်ဆင့်   ဝန်းရံထားသော မြသိန်းတန်စေတီ၏             ခမ်းနားမှုများကိုလည်း တွေ့နိုင်သည်။   အဆိုပါ  မြသိန်းတန်စေတီတော် မြတ်ကြီးမှာ   မင်းကွန်းခေါင်းလောင်းတော်ကြီး၏ မြောက်ဘက် ကိုက် ၅ဝဝ ခန့်အကွာတွင် တည်ရှိ၍ ၁၁၆၃ ခုနှစ်တွင်  ဘကြီးတော်ဘုရား   တည်ထား ကိုးကွယ်ခဲ့သည်။ 

 


မင်းကွန်းဒေသကို ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိ


ဘုရားအတွင်းနှင့်တန်ဆောင်းများတွင် ဗုဒ္ဓ ဘာသာဝင်တို့၏ ဒဏ္ဍာရီလာ မာရု တောင်တန်းများ နှင့် စူဠာမဏိဘုရားပုံတို့ကို ပုံဖော်ရေးဆွဲထားခြင်း သည် အခြားသော   မြန်မာဘုရားများနှင့်မတူဘဲ ကွဲပြားနေပါသည်။ ဉာဏ်တော်အမြင့်မှာ ၃၂၁ ပေ မြင့်မားပြီး စေတီတော်တည်ဆောက်ပုံ ဆန်းကြယ် ခြင်းနှင့်  စေတီတော်ပေါ်မှ    မင်းကွန်းဒေသ၏  အလှအပကို   ကြည့်ရှုခံစားနိုင်သဖြင့်     ပြည်တွင်း ပြည်ပ ဘုရားဖူး ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်လေ့ရှိသည်။ 
မြသိန်းတန်ဘုရားသည် ၁၈၃၈ ခုနှစ်တွင် ငလျင် ဒဏ်ကြောင့် ပျက်စီးသွားသော်လည်း ၁၈၇၄ခုနှစ် တွင် မင်းတုန်းမင်းတရားကြီးသည် နဂိုမူလအတိုင်း ပြန်လည်မွမ်းမံခဲ့ပါသည်။

 


တစ်နှစ်ထက်တစ်နှစ်    ငလျင်လှုပ်ခတ်မှုများ  ပိုမိုစိပ်လာ


စစ်ကိုင်းနှင့် အတူ နာမည်ကြီးသည်က စစ်ကိုင်း ပြတ်ရွေ့  (Sagaing Fault)   ဖြစ်သည်။  အဆိုပါ စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံ တောင်ဘက်သို့ ရွေ့လျားနေသော India Plate နှင့် Eurasian Plate တို့   နှစ်ခုတေ့ဆက်မှုကြောင့်    ဖြစ်ပေါ်နေသော ပြတ်ရွေ့တစ်ခုဖြစ်သည်။ အဆိုပါ  စစ်ကိုင်းပြတ်ရွေ့ သည် အဆိုးရွားဆုံး   ငလျင်ကြောကြီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအို အနီးမှ စတင်ကာ  စစ်ကိုင်း ဂန့်ဂေါတောင်တန်း၏ အနောက်ဘက်ခြမ်း ပဲခူးရိုးမအရှေ့ခြမ်းကို  ဖြတ်၍ မုတ္တမပင်လယ်ကွေ့အထိ တည်ရှိနေသည့် အလျား  ၁၂၀၀ ကီလိုမီတာအထက်ရှိသည့် ပြတ်ရွေ့ကြော ကြီး  တစ်ခုဖြစ်သည်။  ပညာရှင်များ၏   လေ့လာ သုံးသပ်ချက်များအရ             စစ်ကိုင်းပြတ်ရွေ့၏ သက်တမ်းသည် နှစ်ပေါင်း ၁၀ သန်းခန့်   ရှိနေပြီး  ပျမ်းမျှအားဖြင့်   နှစ်စဉ်    ၁၈ မှ ၂၀ မီလီမီတာခန့် ရွေ့လျားနေကာ    တစ်နှစ်ထက်တစ်နှစ်    ငလျင် လှုပ်ခတ်မှုများ  ပိုမိုစိပ်လာကြောင်း သိရှိရသည်။ 

 


မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်း ပြတ်ရွေ့၊ ကုလားတန် ပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့ စသည့် ပြတ်ရွေ့ကြောကြီးများပေါ်တွင် တည် ရှိနေ ပြီး ယင်းငလျင်ကြောကြီးများသည်  အင်အားရစ်ခ်ျ တာစကေး ၆ နှင့် အထက် လှုပ်ခတ်နိုင်သည့် ငလျင် ကြောကြီးများ ဖြစ်သည်။ 

 


ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အနီး တောင်မြောက်တန်းလျက်ရှိသည့်  ကဘော် ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှစတင်ပြီး  တောင်ကြီး မြို့အနီး တောင်မြောက်တန်းလျက် တည်ရှိနေသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ် မြောက်ပိုင်း အရှေ့ အနောက်တန်းလျက် တည်ရှိနေသည့် မိုးမိတ် ပြတ်ရွေ့စသည့် ငလျင်ကြောကြီးများအပြင် ငလျင် ပြတ်ရွေ့အသေး ၄၀ ခန့်ရှိကြောင်း ပညာရှင်များ၏ ဖော်ပြချက်များအရ    ငလျင်ဒဏ်ကို   အချိန်မရွေး ခံစားရနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့်  ကမ္ဘာပေါ် တွင် မြေငလျင်အန္တရာယ်   အကြီးမားဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်ကြောင်း သိရှိရပါသည်။ 

 


သို့ဖြစ်ရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက် နံနက် ၃ နာရီ ၁၆ မိနစ်တွင် တံတားဦးမြို့၏ အရှေ့ဘက် လေးမိုင်ခန့်အကွာ၊   မြောက်လတ္တီတွဒ်   ၂၁   ဒသမ ၈၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၀၃ ဒီဂရီ၊ အနက် ၆၃ ကီလိုမီတာကို   ဗဟိုပြုပြီး   အင်အား ရစ်ချ်တာစကေး   ၅  ဒသမ ၂ အဆင့်ရှိ မြေငလျင် တစ်ခုလှုပ်ခတ်ခဲ့ပြီး အဆိုပါငလျင်ကြောင့် ရှေးဟောင်း အဆောက်အအုံများ၏ ထိခိုက်ပျက်စီးမှုအခြေအနေ များကို    ရှေးဟောင်းသုတေသနနှင့်   အမျိုးသား ပြတိုက်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ရာ စစ်ကိုင်း တိုင်းဒေသကြီး မင်းကွန်းဒေသအတွင်းရှိ မြသိန်းတန် စေတီ၏ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော် ပြုတ်ကျ ခြင်း ၊ အဝင်မုခ်ဦးနှင့် သီတာခုနစ်တန် တောင်ဘက် တို့၏နံရံများ အနည်းငယ်ကွာကျခြင်း၊ တောင်ဘက် ရှိ ခြင်္သေ့ကြီး၏ လက်မောင်းရင်း ယခင်ပဲ့ထားသော နေရာမှာ ထပ်မံ၍ အုတ်များပဲ့ကျခြင်း၊   မင်းကွန်း ပုထိုးတော်ကြီး အနည်းငယ်အက်ကွဲခြင်း၊ စက်တော်ရာ ဘုရားမြောက်ဘက် အပေါ်ပိုင်း   အက်ကွဲခြင်းနှင့် အင်္ဂတေပဲ့ကျခြင်းတို့သာ   ဖြစ်ပွားခဲ့ကြောင်း သိရှိရ ပါသည်။  

 


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လည်း ဒီဇင်ဘာ ၂၂ ရက်တွင်   တိုင်းဒေသကြီး ဝန်ကြီးချုပ်   ဦးမြတ်ကျော်နှင့်အဖွဲ့မှ   မင်းကွန်း တောင်ရိုးရှိ စေတီပုထိုးများ  ပြန်လည်ပြုပြင်မွမ်းမံ နေမှုများကို   လိုက်လံစစ်ဆေးခဲ့ရာ   ရှေးဟောင်း သုတေသနပညာရှင်များမှ   မင်းကွန်းဒေသတွင် အဆိုပါ   ငလျင်ကြောင့်    ပျက်စီးမှုများအနေဖြင့် အနည်းငယ်သာရှိကြောင်း၊ ကြီးမားသည့် ပျက်စီးမှု များ မရှိကြောင်း  တင်ပြခဲ့ရာ   ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မင်းကွန်းတောင်ရိုးမှ ဘုရား စေတီများအပါအဝင်     ပျက်စီးမှုများ၊      ပြန်လည် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများမှ အမြန်ဆုံးဆောင်ရွက်လျက်ရှိသည်။ 

 


စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း များ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခရီးသွားဇုန် ခြောက်ဇုန်  ဖော်ထုတ်ထားရှိပြီးဖြစ်ရာ  စစ်ကိုင်း၊  မင်းကွန်းဒေသသည်လည်း   ခရီးသွား ဧည့်သည်များအနေဖြင့်   သွားရောက်လည်ပတ် ဗဟုသုတ   ရှာမှီးနိုင်သည့်  ဘုရားဖူးခရီးစဉ်များ၊ အခြားလည်ပတ်ရန် ခရီးစဉ်ဒေသများနှင့် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ တည်ရှိသဖြင့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် လာရောက် လည်ပတ်ဘုရားဖူး ကုသိုလ်ယူနိုင်ကြပါရန်  နှိုးဆော် ရေးသားလိုက်ရပါသည်။       ။