
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု၏ လိုအပ်လျက် ရှိသော လျှပ်စစ်ဓာတ်အားကို နည်းမျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ စီမံဆောင်ရွက်နေသော်လည်း ယခုကာလများတွင် ပြည်သူလူထု၏ လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မှုမရှိသဖြင့် ထုတ်လုပ်ပေးနိုင်မှုကိုအခြေခံ၍ မျှတစွာ ခွဲဝေခံစားရရှိနိုင်ရန် စီမံဆောင်ရွက်ဖြန့်ဖြူးလျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်နေသည့်ကာလတွင် ပြည်သူများ၏ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးလျက်ရှိသော ဓာတ်အားလိုင်းများမှ ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ဓာတ်အား စနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် ၁၃၂ ကေဗွီ ဘီလူးချောင်း(၂)-တီကျစ် ဓာတ်အားလိုင်း၏ တာဝါတိုင်(၂)တိုင်နှင့် သရက်မြို့နှင့် အနီးဝန်းကျင် ဒေသများသို့ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် ၆၆ ကေဗွီ အောင်လံ-သရက် ဓာတ်အားလိုင်း၏ တာဝါတိုင် (၁) တိုင်တို့ကို (၁၃-၁၂-၂၀၂၂) ရက်နေ့တွင်လည်းကောင်း၊ ၆၆ ကေဗွီ မင်းတပ်-မတူပီ ဓာတ်အားလိုင်း ကြိုးအား (၁၄-၁၂-၂၀၂၂) ရက်နေ့တွင်လည်းကောင်း NUG လက်ဝေခံ PDF အကြမ်းဖက်သောင်းကျန်းသူများမှ ထပ်မံဖောက်ခွဲပစ်ခတ် ဖျက်ဆီးခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် လျှပ်စစ်မီးသုံးစွဲသူ ပြည်သူများသို့ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ဆက်လက်ဖြန့်ဖြူးနိုင်ရေးအတွက် အမြန်ဆုံးပြင်ဆင်ဆောင်ရွက်လျက် ရှိပါသည်။
၃။ သို့ပါ၍ ယနေ့အချိန်ထိ NUG လက်ဝေခံ PDF အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည့်အကြိမ်ပေါင်း (၄၄) ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေ ဖြင့်လည်း လုံခြုံရေးအဖွဲ့များနှင့်ပူးပေါင်းကာ ပြင်ဆင်ခြင်းလုပ်ငန်းများ အား ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန