
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်း ထားသည့် သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံး၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ ခရိုင် ကျိုင်းတုံမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ဧက ၁၈၂၀ ရှိသော နယ်မြေ ကို “ပန်ကြူ ရေဝေရေလဲ ထိန်းသိမ်းရေးကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာ အမှတ်(၁၆၃/၂၀၂၂)အရ ၁၃၈၄ ခုနှစ် တန်းဆောင် မုန်းလပြည့်ကျော် ၈ ရက် (၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက် သည်။
ပန်ကြူ ရေဝေရေလဲထိန်းသိမ်းရေးကြိုးပြင်ကာကွယ်တောဧရိယာအား ကျိုင်းတုံမြို့ ရေပေး ဝေရေး ဆောင်ရွက်ရာတွင် သန့်ရှင်းသော သောက်သုံးရေနှင့် စိုက်ပျိုးမြေများအတွက် လိုအပ်သောရေကို အဓိကထောက်ပံ့ပေးနေသည့် နမ့်ခင်ချောင်းရေဝေရေလဲ ဒေသ၏ ရေ၊ မြေ ထိန်းသိမ်းကာကွယ်ရန်၊ ရာသီဥတု ညီညွတ်မျှတ စေရန်၊ မြေဆီမြေသား ကောင်းမွန်လာစေရန်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်နှင့် သဘာဝတောများကို အဓွန့်ရှည်စွာ တည်တံ့ဖွံ့ဖြိုး စေရန် ရည်ရွယ်၍ ရေဝေရေလဲထိန်းသိမ်းရေး ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ် သည်။
ပန်ကြူ ရေဝေရေလဲထိန်းသိမ်းရေး ကြိုးပြင် ကာကွယ်တောသတ်မှတ်ခြင်းဖြင့် သဘာဝ ပေါက်ပင်များဖြစ်သည့် တောရှောက်၊ တပင်တိုင် မြနန်း၊ ဝံအူ၊ ကျားမနိုင်မြစ်၊ တောချင်းနက်နှင့် တောနနွမ်းစသည့် ဆေးဖက်ဝင်အပင်များအပြင် တားမြစ်ရာပါသစ်ဖြစ်သည့် ထင်းရှူးပင်နှင့် အခြား သစ်မျိုးများဖြစ်သည့် ပရုတ်၊ လောက်ယား၊ စွယ် တော်၊ သစ်ချ၊ သစ်အယ်၊ နဘဲ၊ ရေနဲပင်များ ပေါများစွာ ပေါက်ရောက်လာနိုင် ခြင်း၊ တောဝက်၊ ချေ၊ ဒေါင်း၊ တောကြက်၊ တောကြောင်၊ မျောက် စသည့် တိရစ္ဆာန်များ၏ နေထိုင် ကျက်စားရာ ဒေသတိုးပွားလာနိုင်ခြင်းနှင့် မဲခေါင်မြစ်အတွင်း စီးဝင်သည့် နမ့်လွေချောင်း ရေဝေရေလဲ ဧရိယာ အား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းစသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန