နေပြည်တော် နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ထုတ်ကုန်များပြပွဲနှင့် ဈေးရောင်း ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ ပြည်သူ့အားကစားကွင်း အတွင်း၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်း ရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသ ကြီး လူမှုရေးရာဝန်ကြီး ဦးအေး လှိုင်၊ တိုင်းဒေသကြီး စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းထွဋ်ကိုနှင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော် တင်မိုးတို့က ပြပွဲနှင့် ဈေးရောင်း ပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး တာဝန်ရှိသူများနှင့် အတူ အဆိုပါမုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူ များနှင့်အတူ တိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန် လေးဇုန်မှ ထုတ်လုပ်သည့် လူသုံးကုန်ပြခန်း၊ အိမ်သုံးကုန်ပြခန်း၊ စားသောက် ကုန်ပြခန်း၊ ချည်ထည်နှင့် အထည် လိပ်ပြခန်း၊ ပရိဘောဂပြခန်း၊ ရော်ဘာနှင့် ပလပ်စတစ်ပြခန်း၊ တိုင်းရင်းဆေးဆိုင်ရာ ပြခန်း၊ ကျောက်အချောထည် ပြခန်း၊ လယ်ယာသုံး စက်ကိရိယာပြခန်း များကို လိုက်လံကြည့်ရှုအားပေး ပြီး ပြခန်းနှင့် ဈေးရောင်းပွဲတော်သို့ လာရောက်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများ နှင့်အတူ ပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံအားကစား ခန်းမ၌ ကျင်းပသည့် တိုင်းဒေသ ကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက် ကြပြီး တိုင်းဒေသကြီး ဝန်ကြီး ချုပ်က အမှာစကားပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း က တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း ထုတ်ကုန်များပြပွဲနှင့် ဈေးရောင်း ပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ တိုင်းဒေသကြီး အတွင်းရှိ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး လုပ်ငန်းထုတ်ကုန်များ ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်း နိုဝင် ဘာ ၁၇ ရက်မှ ၁၉ ရက်အထိ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး ဈေးဆိုင်ခန်းပေါင်း ၄၀ ကျော် ဖြင့် တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် လေးဇုန်မှ ထုတ်လုပ် သည့် စီးပွားရေးလုပ်ငန်း ထုတ်ကုန်ပစ္စည်းများ ပြသ ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



