AFF Cup ခြေစစ်ပွဲပြီးဆုံးခဲ့ပြီး မြန်မာအပါအဝင် ၁၀ သင်း ယှဉ်ပြိုင်မည်

 

ရန်ကုန်   နိုဝင်ဘာ    ၉


၂၀၂၂ AFF Cup ပြိုင်ပွဲ ခြေစစ်ပွဲ ကျင်းပပြီးစီးသွားပြီဖြစ်ပြီး မြန်မာ အသင်း    အပါအဝင်  အသင်း စုစုပေါင်း  ၁၀ သင်း   ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

 


ယင်းခြေစစ်ပွဲကို   နိုဝင်ဘာ ၅ ရက်နှင့် ၈ ရက်တို့တွင် နှစ်ကျော့ စနစ်ဖြင့်    ကျင်းပခဲ့ပြီး   ဘရူနိုင်း အသင်းက       ပထမအကျော့ တွင်     ခြောက်ဂိုး  -  နှစ်ဂိုးဖြင့် အနိုင်ရကာ   ဒုတိယအကျော့တွင် တီမောအသင်းက တစ်ဂိုး - ဂိုးမရှိ ဖြင့်   အနိုင်ရခဲ့သည်။  သို့သော် ဘရူနိုင်းအသင်းက    နှစ်ကျော့ ပေါင်းရလဒ် ခြောက်ဂိုး - သုံးဂိုးဖြင့် အနိုင်ရကာ   ခြေစစ်ပွဲအောင်မြင် ခဲ့ခြင်း  ဖြစ်သည်။     ခြေစစ်ပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ စနစ်ဖြင့်  ကျင်းပခြင်းဖြစ်သော် လည်း တီမောအသင်း၏အိမ်ကွင်း တွင် နိုင်ငံတကာပြိုင်ပွဲများကျင်းပ ရန် အဆင့်မမီသဖြင့် နှစ်ကျော့ စလုံး ဘရူနိုင်းနိုင်ငံ၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ယင်းပြိုင်ပွဲ နောက်ဆုံး အဆင့်ကို  ငါးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး   ကိုးသင်းမှာ တိုက်ရိုက်ကစားခွင့်ရကာ  ကျန် တစ်နေရာအတွက်     ဘရူနိုင်း အသင်းနှင့်      တီမောအသင်း ခြေစစ်ပွဲ ကစားခဲ့ရခြင်းဖြစ်သည်။ ဘရူနိုင်းအသင်းသည်     ၁၉၉၆ ပြိုင်ပွဲ    နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရပြီး     နောက်ပိုင်း နှစ်ပေါင်း ၂၀ ကျော်ကြာမှ ပြန်လည် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်း   ဖြစ်သည်။

 

ခြေစစ်ပွဲ     အောင်မြင်ခဲ့သည့် ဘရူနိုင်းအသင်းသည် အုပ်စု (က) သို့ ကျရောက်မည်ဖြစ်ပြီး လက်ရှိ ချန်ပီယံ    ထိုင်း၊  အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊   ကမ္ဘောဒီးယားတို့နှင့် တစ်အုပ်စုတည်း  ယှဉ်ပြိုင်ရမည် ဖြစ်သည်။     အုပ်စု (ခ) တွင်မူ ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူ၊ မြန်မာနှင့် လာအိုအသင်းတို့ ပါဝင် နေသည်။ ယင်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၂၃ ခုနှစ်   ဇန်နဝါရီ ၁၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။

 


မြန်မာအသင်းသည်    ယင်း ပြိုင်ပွဲအတွက် နိုဝင်ဘာလတတိယ ပတ်တွင် စတင်လေ့ကျင့်မည်ဖြစ် ပြီး   ပြိုင်ပွဲအကြိုပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည်။    မြန်မာ အသင်းသည် အုပ်စုလေးပွဲအနက် မလေးရှား၊ လာအိုတို့နှင့်ပွဲများကို အိမ်ကွင်း၊  ဗီယက်နမ်၊ စင်ကာပူ တို့နှင့်    ပွဲများကို     အဝေးကွင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲ အတွက်   ပြင်ဆင်ချိန်    တစ်လ ဝန်းကျင်ရမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် မလေးရှားအသင်းနှင့် စတင်ကစားရမည် ဖြစ်သည်။


ရဲရင့်လွင်

ဓာတ်ပုံ - AFF