ရှင်ဥပဂုတ္တမ​ထေရ်မြတ် ပူ​ဇော်ပွဲနှင့် ဆွမ်းအိုး​မျှောပွဲ ကျင်းပ

 

နေပြည်တော်   နိုဝင်ဘာ   ၇


တန်​ဆောင်မုန်းလပြည့်​နေ့  (သာမညဖလအခါသမယ​ နေ့) တွင် မွန်ပြည်နယ်အတွင်း အထင်ကရတန်ခိုးကြီး  ဘုရား​၊ စေတီများ၌  ဘုရားဖူးကုသိုလ်ယူကြသူများ၊ ​မြို့နယ်များ၌ ပျော်ပွဲရွှင်ပွဲများ၊ စတုဒိသာကျွေး​မွေး ခြင်းများဖြင့်    စည်ကား   သိုက်မြိုက်လျက်ရှိပြီး ရှင်ဥပဂုတ္တမ​ထေရ်မြတ် ပူ​ဇော်ပွဲနှင့် ဆွမ်းအိုး​မျှောပွဲ ကို ယနေ့ နံနက်ပိုင်းတွင် ​မော်လမြိုင်မြို့ ကမ်းနား  လမ်း ဆိပ်ကမ်းသာတံတား၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်းနှင့်  ဇနီး၊  ပြည်နယ် ဝန်ကြီးများ တက်​ရောက်ကြသည်။ 

 


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊  ပြည်နယ် ဝန်ကြီးများသည် ရှင်ဥပဂုတ္တမ​ထေရ်မြတ် ရုပ်ပွား​ တော်ကို ဖူး​မြော်ကြည်ညို၍ ပန်း၊ ဆီမီးနှင့် ရေချမ်းတို့ ​ ကပ်လှူပူ​ဇော်ကြပြီး သံလွင်မြစ်ထဲသို့ ဆွမ်းအိုး​များ​ မျှော၍ ပူ​ဇော်ကုသိုလ်ယူကြသည်။

 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်  ချောင်းဆုံမြို့နယ် ကွမ်ရိုက်​ကျေးရွာ ကျိုက်တ​မော့လဲ့​စေတီ​တော်မြတ်၊ ရင်ပြင်​တော်​ပေါ်၌ ပြုလုပ်သည့် (၂၁) ကြိမ်​မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်း  ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာ အခမ်းအနား သို့   တက်​ရောက်ကြရာ  မော်လမြိုင်မြို့    မြစေတီ စာသင်တိုက်ကြီး၏ ဦးစီးပဓာန  နာယက ဆရာတော်   (အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ကထိန်အနုမောဒနာတရား  နာယူကြည်ညိုကြပြီး     ဆရာ​တော်  အရှင်သူမြတ်များထံ ကထိန်လျာမြတ် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ​ဆက်ကပ်လှူဒါန်းကာ  လှူဒါန်းမှုအစုစုတို့အတွက်   ရေစက်သွန်းချ   အမျှ ပေးဝေကြသည်။

 


တန်​ဆောင်မုန်းလပြည့်​နေ့    အခါသမယတွင် မွန်ပြည်နယ်အတွင်း   တန်ခိုးကြီးဘုရား​၊   စေတီများ ဖြစ်ကြသည့် ကျိုက်ထီးရိုးဆံ​တော်ရှင်​စေတီ​တော် မြတ်ကြီး၊ ကျိုက်သလ္လံစေတီတော်မြတ်၊ ကျိုက္ခမီ ရေလယ်ဆံတော်ရှင်မြတ် ​ အစရှိသည့် ဘုရား၊ ​စေတီ၊ ပုထိုးများတွင် ရပ်နီးရပ်ဝေးမှ ရဟန်းရှင်လူပြည်သူ များ စိတ်အေးချမ်းသာစွာဖြင့် ဆွမ်း၊ ပန်း၊ ရေချမ်း၊  ဆီမီးများ ကပ်လှူပူဇော်၍ ကုသိုလ်ဘာဝနာတရား  ပွားများ နာယူလျက်ရှိကြပြီး ​​​မြို့ရွာအလိုက် ​ပျော်ပွဲ၊ ရွှင်ပွဲများ ကျင်းပခြင်း၊ ​ရောင်စုံအလှမီးများ ထွန်းညှိပူ​ဇော်ခြင်း၊ မီးရှူးမီးပန်းများ ​ဖောက်လွှတ်ခြင်းတို့ဖြင့် ​ပျော်ရွှင်စွာ ဆင်ယင်ကျင်းပလျက်ရှိ​သည်။


သတင်းစဉ်