
ရန်ကုန် နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ကြောပိတ်ဆို့မှုများမရှိစေရန် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC အနေဖြင့် ဆောင်ရွက်လျက်ရှိရာ အချက်အချာကျသည့်် ဘတ်စ်ကားမှတ်တိုင်များ၌ YBS ယာဉ်များ နှစ်ထပ်ရပ်တန့်ခြင်းမရှိအောင် ရှေ့ပြေးစီမံချက်အနေဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း YRTC မှ သိရသည်။
အဆိုပါ စီမံချက်ကို အောက်တိုဘာ ၂၀ ရက် မှ နိုဝင်ဘာ ၂ ရက်အထိ နေ့စဉ် နံနက် ၈ နာရီ မှ ညနေ ၆ နာရီအထိ နှစ် ပတ်ကြာ ဆောင်ရွက်ပြီး လက်ရှိ ဆောင်ရွက်နေသည့် မှတ်တိုင် ၁၆ ခုအပြင် အခြားမှတ်တိုင်များ တွင်လည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်သည်။ ပညာပေး ကာလအနေဖြင့် စမ်းသပ် ဆောင်ရွက်ခဲ့သည့် မှတ်တိုင်များမှာ စော်ဘွားကြီးကုန်း (ပြည်လမ်း)၊ မြေနီကုန်း မှတ်တိုင် (ဗားဂရာလမ်း)၊ မဟာမြိုင်မှတ်တိုင် (ပြည်လမ်း)၊ ၈ မိုင် မှတ်တိုင် (ကမ္ဘာအေးဘုရား လမ်း)၊ ၆ ကွေ့မှတ်တိုင်(သုဓမ္မာလမ်း)၊ ယုဇန ပလာဇာမှတ်တိုင် (ဗညားဒလ လမ်း)၊ သမိုင်းလမ်းဆုံမှတ်တိုင် (အင်းစိန်လမ်း) အပါအဝင် ဘတ်စ် ကားမှတ်တိုင် ၁၆ ခု၌ ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။
YBS ယာဉ်များ နှစ်ထပ်ရပ်နား မှုကို ရှင်းလင်းဆောင်ရွက်ခြင်းအပြင် ဘတ်စ်ကား မှတ်တိုင်အတွင်း အငှားယာဉ်နှင့် ကိုယ်ပိုင်ယာဉ် များ ရပ်နားခြင်း မရှိစေရန် ပညာပေးကာလအဖြစ် ဆောင်ရွက် ပြီး နောက်ပိုင်းတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ကာ အရေးယူမှုများလည်း ပြုလုပ်သွား မည်ဖြစ်ကြောင်း YRTC ကော်မတီဝင် ၄ စည်းကမ်း ထိန်းသိမ်းရေးနှင့် စစ်ဆေးရေး ဌာနမှ ဦးမောင်မြို့က ပြော သည်။
အာကာစိုး