
နေပြည်တော် နိုဝင်ဘာ ၅
လယ်ယာမြေအသုံးချမှု မှန်ကန် ရေး၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေနှင့် သွင်းအားစုများ အလေအလွင့်မရှိ အကျိုးရှိထိရောက်စွာ အသုံးချ နိုင်ရေးတို့အတွက် သက်ဆိုင်သူ အားလုံးတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေ လိုကြောင်း၊ ယနေ့ နံနက်ပိုင်းက ပုဗ္ဗသီရိ မြို့နယ် ဘဲကုန်းကျေးရွာ မိုးစပါး စိုက်ခင်း၌ တောင်သူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ပြောကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် တောင်သူများ တင်ပြသည့် ဆောင်းသီးနှံ မတ်ပဲနှင့် ကုလားပဲ စိုက်ပျိုးရေးလုပ်ငန်း လိုအပ်ချက် များကို ညှိနှိုင်းဆောင်ရွက်ပေး သည်။
ထို့နောက် ဒုတိယဝန်ကြီး နှင့် အဖွဲ့သည် မိုးစပါးရိတ်သိမ်း နေမှုကို ကြည့်ရှုအားပေးသည်။
အလားတူ ဒုတိယဝန်ကြီး နှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာတွင် ကျင်းပ သည့် ထယ်ရေးမလို မျိုးစေ့ချ စက်ဖြင့် မတ်ပဲ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ ရောက်ရှိပြီး မိုးစပါး ရိတ်သိမ်းထားရှိမှုကို လည်းကောင်း၊ ထယ်ရေးမလို မျိုးစေ့ချစက်ဖြင့် မတ်ပဲစိုက်ပျိုး ခြင်းကို လည်းကောင်း ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ဇေယျာသီရိ မြို့နယ် ကံဦးကျေးရွာရှိ မွေးမြူ ရေးတောင်သူ ဦးခိုင်ထွန်း၏ ဘဲအကောင်ရေ ၇၀၀၀ မွေးမြူရေး ခြံကို လည်းကောင်း၊ လယ်ဝေး မြို့နယ် အမှတ်(၁) သရက်ခုံ ကျေးရွာရှိ တောင်သူ ဦးသိန်းစိုး၏ နို့ပေါင်းစက်အခြေပြု နို့စားနွား မွေးမြူရေးခြံ၌ နို့ပေါင်းစက်ဖြင့် နို့ထွက်ပစ္စည်း ထုတ်လုပ်နေမှုများ ကို လည်းကောင်း၊ နို့စားနွားများ မွေးမြူထားရှိမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိ စေဘဲ လိုက်လျောညီထွေသည့် မွေးမြူရေးစနစ်ဖြစ်စေရေး ဂရုပြု ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ပုဂ္ဂလိက မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုး လာစေရေး ကြိုးပမ်းရန် လိုအပ် ချက်များကို ဆွေးနွေးမှာကြား ကြောင်း သိရသည်။
သတင်းစဉ်