
ပြည့်ဖြိုးအောင် (စီမံ/ဘဏ္ဍာ)
မိမိတို့မြန်မာနိုင်ငံမှ စင်ကာပူ၊ ကိုရီးယား၊ ထိုင်းနှင့် မလေးရှားအပါ အဝင် ပြည်ပနိုင်ငံများသို့သွားရောက်၍ ဝမ်းရေးအတွက် အလုပ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားများစွာရှိပါသည်။ ၎င်းတို့ သည် ပြည်ပတွင် နိုင်ငံခြားငွေဖြင့် လုပ်ခလစာများရရှိကြပြီး အဆိုပါ လုပ်ခလစာဝင်ငွေကို ကိုယ့်နိုင်ငံသို့ တရားဝင်ဘဏ်လမ်းကြောင်း များမှ တစ်ဆင့်ပြန်လည်လွှဲပြောင်းပေးပို့မှုများ ပြုလုပ်ကြရပါသည်။ ပြည်ပသို့သွားရောက် လုပ်ကိုင်နေသူများထံမှ ၎င်းတို့၏မိသားစုများ ထံသို့ လွှဲပို့ငွေ ၊ မိခင်နိုင်ငံသို့ ပြန်လည်လွှဲပို့ငွေများသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက နိုင်ငံတော်၏ နိုင်ငံခြားငွေရှာဖွေ ရေးအတွက် အထောက်အပံ့ဖြစ်စေပါသည်။
နိုင်ငံတော်အနေဖြင့် ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ရရှိလာသည့် လစာဝင်ငွေနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအခွန်အကောက်ဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းကာ အကျိုးခံစားခွင့်များပေးအပ်ထားပြီး စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ အများပြည်သူ အလွယ် တကူ သိရှိနားလည်စေရန် အသိပေးကြေညာချက်ထုတ်ပြန်၍ ရှင်းလင်းထားပါသည်။ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ နိုင်ငံခြားငွေဖြင့်ရရှိလာသည့် လစာဝင်ငွေများကို နိုင်ငံ အတွင်းသို့ ဘဏ်များ (သို့မဟုတ်) တရားဝင်ငွေလွှဲခွင့်ရရှိထားသည့် လုပ်ငန်းများမှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေးပို့ပြီးနောက် အဆိုပါ ငွေကြေးဖြင့် ပြည်တွင်း၌ အခြေပစ္စည်းများကို ဝယ်ယူခြင်းများ ပြုလုပ် သည့်အခါ ဝင်ငွေခွန်ထပ်မံပေးဆောင်ရန် မလိုအပ်တော့သည့် အခွန် လျော့ပေါ့သက်သာခွင့်ရရှိနိုင်သော ဝင်ငွေရလမ်းအဖြစ်တင်ပြ၍ ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
အခြေပစ္စည်းဆိုသည်မှာ
အထက်တွင် ဖော်ပြထားသည့် ပြည်တွင်း၌ ဝယ်ယူနိုင်သော အခြေပစ္စည်းဟူသည့် စကားရပ်ကို ဝင်ငွေခွန်ဥပဒေ၊ ပုဒ်မ ၃(ထ) ၌ “မြေ၊ အဆောက်အအုံနှင့် ယင်းတို့၏ အခန်းများ၊ ယာဉ်နှင့်လုပ်ငန်း ဆိုင်ရာ မတည်ပစ္စည်းများကို ဆိုလိုပါသည်။ ယင်းစကားရပ်တွင် အစုရှယ်ယာနှင့် ကတိခံဝန်ချုပ်တို့အပြင် ငွေချေးသက်သေခံ လက်မှတ်များ၊ ယင်းတို့ကဲ့သို့ သော အလားသဏ္ဌာန်တူစာချုပ်စာတမ်း များလည်း ပါဝင်သည်” ဟု ပြဋ္ဌာန်းထားပါသည်။
ဆိုလိုသည်မှာ ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင် နေသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပတွင် မိမိတို့နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာဝင်ငွေကို ပြည်တွင်းသို့ တရား ဝင် ဘဏ်လမ်းကြောင်းများ သို့မဟုတ် ငွေလွှဲလုပ်ငန်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့ပြီးနောက် အဆိုပါငွေကြေးဖြင့် ပြည်တွင်း၌ အထက်ရှင်းလင်းချက်ပါ အခြေပစ္စည်းများဖြစ်သည့် မော်တော်ယာဉ်၊ အိမ်၊ တိုက်ခန်း၊ ခြံ၊ မြေ စသည်တို့ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်းနှင့် အစုရှယ်ယာများကို ဝယ်ယူရင်းနှီးမြှုပ်နှံခြင်းတို့ကို ဆောင်ရွက်သည့် အခါတွင် တည်ဆဲဝင်ငွေခွန်ဥပဒေအရ ဝင်ငွေရလမ်း စိစစ်မှုခံယူပြီး ဝင်ငွေရလမ်းတင်ပြနိုင်ပါက ဝင်ငွေခွန်ထပ်မံပေးဆောင်ရန် မလိုအပ် တော့သည့် အခွန်ဆိုင်ရာ အကျိုးခံစားခွင့် ရရှိနိုင်မည်ဟု ဆိုလိုခြင်းပင် ဖြစ်ပါသည်။
လစာဝင်ငွေဆိုရာတွင်
ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာဝင်ငွေနှင့်စပ်လျဉ်း၍ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၊ အခန်း (၇) - ဝင်ငွေခွန်၏ ပုဒ်မ-၂၂ တွင် “ဝင်ငွေခွန်ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့်များ နုတ်ပယ်ခြင်းမပြုဘဲ ပြည်ပနေနိုင်ငံသား၏ ကင်းလွတ်ခွင့်ရရှိသည့် ဝင်ငွေခေါင်းစဉ်မှအပ နိုင်ငံခြားငွေဖြင့် ပြည်ပတွင်ရရှိသည့် စုစုပေါင်း ဝင်ငွေအပေါ် ၁၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန်စည်းကြပ်ရမည်” ဟု ဖော်ပြပါရှိပါသည်။ အထက်ပြဋ္ဌာန်းချက်ပါ ပြည်ပနေနိုင်ငံသား၏ ကင်းလွတ်ခွင့်ရရှိသည့် ဝင်ငွေခေါင်းစဉ်ဆိုသည်မှာ လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့် လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင်တို့လည်း ပါဝင်ပါသည်။
လစာဝင်ငွေအထောက်အထားများအား
ထိန်းသိမ်းထားရှိရန် လိုအပ်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန သည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ပြည်ပရောက် မြန်မာ နိုင်ငံသားများ၏ နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာဝင်ငွေဆိုင်ရာ အထောက်အထားများကို အများပြည်သူသိရှိစေရန်အတွက် အသိပေး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ပြည်ပရောက် မြန်မာ နိုင်ငံသားများအနေဖြင့် ပြည်တွင်းသို့ နိုင်ငံရပ်ခြားရှိ ဘဏ်များမှ တစ်ဆင့် လစာငွေများကို ပြန်လည်လွှဲပြောင်းပြီးသည့်အခါ လွှဲပြောင်း ပေးပို့မှုဆိုင်ရာ အထောက်အထားများကို သိမ်းဆည်းထားရန် လိုအပ် မည်ဖြစ်၍ ပြည်တွင်း၌အခွန်ဆိုင်ရာ အကျိုးခံစားခွင့်ရရှိနိုင်ရန် တင်ပြလျှောက်ထားရာတွင် အောက်ဖော်ပြပါ သတ်မှတ်ချက်အချို့ နှင့် ကိုက်ညီရမည်ဖြစ်ပါသည်။ အဆိုပါသတ်မှတ်ချက်များနှင့် ကိုက်ညီမှသာ အခွန်ဆိုင်ရာအကျိုးခံစားခွင့်များကို ရရှိခံစားနိုင်မည် ကို သတိချပ်စေလိုပါသည်။ အဆိုပါအချက်များမှာ-
(က) ပြည်ပရောက်မြန်မာနိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာခေါင်းစဉ်မှဝင်ငွေဖြစ်ခြင်း၊
(၁) နိုင်ငံကူးလက်မှတ် (မိတ္တူ)၊
(၂) လစာဝင်ငွေရရှိခြင်းအထောက်အထား (မူရင်း) သို့မဟုတ် အခွန်ထမ်းဆောင်ထားသည့် အထောက် အထား (မူရင်း)၊
(၃) ပြည်ပတွင် အလုပ်လုပ်ကိုင်ခဲ့သည့် အချိန်ကာလ ဆိုင်ရာအထောက်အထား (မူရင်း)၊
(၄) ပြည်ပရှိ သက်ဆိုင်ရာကုမ္ပဏီမှ တရားဝင်ထုတ်ပေး ထားသည့် လစာထုတ်ပေးမှုမှတ်တမ်း (မူရင်း)။
(ခ) ပြည်တွင်းသို့ငွေလွှဲပြောင်းပေးပို့ရာတွင် ဘဏ် (သို့မဟုတ်) တရားဝင်ငွေလွှဲခွင့် လိုင်စင်ရရှိထားသည့် လုပ်ငန်းများမှတစ်ဆင့်လွှဲပြောင်းပေးပို့မှုဖြစ်ခြင်း (သို့မဟုတ်) ကာယကံရှင်ကိုယ်တိုင်ပြည်ပမှ ပြန်လာစဉ် တစ်ပါတည်းယူ ဆောင်လာခဲ့ခြင်း၊
(၁) မြန်မာနိုင်ငံသို့ငွေလွှဲပြောင်းပေးပို့ရာတွင် ဘဏ် (သို့မဟုတ်) တရားဝင် ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့် လုပ်ငန်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့မှုဖြစ်ပါက ယင်းလုပ်ငန်းများမှ ထုတ်ပေးသည့်ငွေလွှဲပို့မှု မှတ်တမ်း၊
(၂) ကာယကံရှင်ကိုယ်တိုင် ပြည်ပမှ ပြန်လည်ဝင်ရောက် လာစဉ် တစ်ပါတည်းယူဆောင်ခဲ့ခြင်းဖြစ်ပါက တရားဝင်ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့် နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာများတွင် နိုင်ငံခြားငွေနှင့် မြန်မာငွေလဲလှယ်ထားသည့် အထောက်အထားနှင့် လေဆိပ်တွင် အသိပေးကြေညာထားသည့် အထောက် အထားများ။
(ဂ) အထက်ဖော်ပြပါအပိုဒ်ခွဲ (က) နှင့် (ခ) ပါအချက်များအတွက် သက်ဆိုင်သည့် အထောက်အထားများကို ပြည့်စုံစွာ တင်ပြနိုင်ခြင်း။
ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ အခွန် ဆိုင်ရာကင်းလွတ်ခွင့်ရရှိသော နိုင်ငံခြားငွေဖြင့်ရရှိသည့် လစာ ဝင်ငွေအပေါ် အကျိုးခံစားခွင့်များကို အပြည့်အဝရရှိ ခံစားနိုင်စေရန် အတွက် မြန်မာနိုင်ငံသို့ ငွေလွှဲပြောင်းပေးပို့ရာတွင် ဘဏ် (သို့မဟုတ်) တရားဝင်ငွေလွှဲခွင့် လိုင်စင်ရရှိထားသည့်လုပ်ငန်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့ကြစေလိုပါသည်။ ပြည်ပတွင် နိုင်ငံခြားငွေဖြင့် လစာဝင်ငွေရရှိသည့်ကာယကံရှင်များအနေဖြင့် ၎င်းတို့ကိုယ်တိုင်ပြည်ပမှ မြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာစဉ် တစ်ပါတည်း ယူဆောင်လာခဲ့ခြင်းဖြစ်ပါက တရားဝင်နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာများ၌ လဲလှယ်ကြရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အသိပေးကြေညာထား သည့်အထောက်အထားများနှင့် သက်ဆိုင်ရာအထောက်အထားများကို စနစ်တကျသိမ်းဆည်းထားကြရန်လည်း အသိပေးနှိုးဆော်တင်ပြ အပ်ပါသည်။
အကျိုးခံစားခွင့်ကို ရယူပါ
ပြည်တွင်း၌ အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ မော်တော်ယာဉ်၊ အစု ရှယ်ယာများစသည့် အခြေပစ္စည်းများကို ဝယ်ယူ / တည်ဆောက် / ထည့်ဝင်ခြင်းများဆောင်ရွက်ရာတွင် ကုန်ကျငွေများအတွက် အထက် ဖော်ပြပါ အထောက်အထားများကို မိမိတို့၏ ဝင်ငွေရလမ်းအဖြစ် သက်ဆိုင်ရာအခွန်ရုံးများ၌ ပူးတွဲတင်ပြလျှောက်ထားခြင်းအားဖြင့် နိုင်ငံတော်ကပေးအပ်ထားသော ဝင်ငွေခွန်ကင်းလွတ်သည့် အခွန် ဆိုင်ရာ အကျိုးခံစားခွင့်ကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။
ပြည်ပတွင် မိမိတို့အနေဖြင့် ပင်ပင်ပန်းပန်း လုပ်ကိုင်ဆောင်ရွက်၍ ရရှိလာသည့်နိုင်ငံခြားငွေဖြင့် ရရှိလာသော လုပ်ခလစာငွေအပေါ် နိုင်ငံတော်က တရားဝင်ပေးအပ်ထားသည့် အခွန်ဆိုင်ရာအကျိုးခံစား ခွင့်ကို သိရှိနားလည်ကာ အကျိုးရှိရှိအသုံးပြုနိုင်ကြစေရန် ရည်ရွယ် တင်ပြလိုက်ရပါသည်။ ။
ကိုးကား-
www.mopf.gov.mm
www.mol.gov.mm
www.ird.gov.mm
- Log in to post comments