ချမ်းသာခြင်းက ဂုဏ်ရှိသည် . . .

Type

 

ချမ်းသာအောင်
 

တရုတ်ကွန်မြူနစ်ပါတီ   အကြိမ်   (၂၀)   မြောက် နိုင်ငံလုံးဆိုင်ရာကိုယ်စားလှယ်များ    ညီလာခံတွင် ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်က   ဗဟို ကော်မတီကိုယ်စားတင်ပြသည့်    အစီရင်ခံစာ၌ “၂၀၁၃   ခုနှစ်မှ    ၂၀၂၀   ပြည့်နှစ်အထိ တရုတ် ကျေးလက်တောရွာ ဆင်းရဲနွမ်းပါးသည့် လူဦးရေ သန်း ၁၀၀  နီးပါးလျော့ကျသွားပြီး   အသင့်အတင့် ကြွယ်ဝချမ်းသာသောလူမှုအဖွဲ့အစည်းကို အချိန်မီ ဘက်စုံတည်ဆောက်ပြီးစီးခဲ့သည်”ဟု    ဖော်ပြပါရှိ ကြောင်း တရုတ် CRI သတင်းဌာနက ဖော်ပြခဲ့သည်။

 


တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို
ဖွံ့ဖြိုးဆဲနိုင်ငံများ လေ့လာ သင်ယူအတုယူသင့်


ဇမ်ဘီယာနိုင်ငံ သမ္မတ Hakainde Hichilema က “တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံ ကို ဇမ်ဘီယာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ လေ့လာ သင်ယူအတုယူသင့်ကြောင်း”     ပြောကြားခဲ့သလို လာအိုနိုင်ငံ   နိုင်ငံခြားရေးဝန်ကြီး   Saleumxay Kommasith ကလည်း  “လာအိုအပါအဝင် ဖွံ့ဖြိုးဆဲ နိုင်ငံအများအပြားအတွက် စံနမူနာပြလိုက်ကြောင်း” ဟုဆိုသည်။   နိုင်ဂျီးရီးယားနိုင်ငံ    သမ္မတဟောင်း Obasanjo ကမူ “တရုတ်ပုံစံကို မိမိတို့ပုံတူကူးချ၍ မရသော်လည်း မိမိတို့သည် ထိုမှတစ်ဆင့် အတွေ့ အကြုံရရှိနိုင်ကြောင်း” ပြောကြားခဲ့သည်။ 

 


“ချမ်းသာတာ ဂုဏ်ရှိတယ်”
ခေတ်သစ်တရုတ်နိုင်ငံကြီးကို   စတင်ထုဆစ် ပေးခဲ့သူ တရုတ်ခေါင်းဆောင်ကြီး  တိန့်ရှောင်ဖိန်၏ ၁၉၇၇   ခုနှစ်က   ကျော်ကြားခဲ့သော    ဒဿနကို ပြန်လည်အမှတ်ရစရာဖြစ်စေသည်။

 


ထိုမတိုင်ခင်ကာလတွင်     တရုတ်နိုင်ငံသည် စီမံကိန်းစီးပွားရေးစနစ်ကို တောက်လျှောက်စွဲကိုင် သည့်အလျောက် မဟာယဉ်ကျေးမှုတော်လှန်ရေးအဆုံးသတ်သွားချိန်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလည်း   ရပ်တန့်သွားခဲ့သည်။ တရုတ်ကျေးလက်ဒေသ  ဆင်းရဲနွမ်းပါးမှုလူဦးရေ မှာလည်း  ၁၉၇၀  ပြည့်နှစ်နှောင်းပိုင်းကာလတွင် သန်း ၂၅၀ ရှိလာသည်။ ထိုစဉ်က နိုင်ငံ့လူဦးရေ၏ လေးပုံ၊ တစ်ပုံဖြစ်လေသည်။

 


သို့ရာတွင်   တရုတ်နိုင်ငံက  ရှုံးနိမ့်ခြင်းသည် အောင်မြင်ခြင်း၏မိခင်၊    အမှားသည်    အမှန်၏ ရှေ့တော်ပြေးအဖြစ်ခံယူခဲ့ပြီး  အတိတ်ကအမှားများ ကို သမိုင်းအတွေ့အကြုံသင်ခန်းစာများအဖြစ် ရယူ ကာ တံခါးဖွင့်ပြုပြင်ပြောင်းလဲရေးကို ၁၉၇၇ ခုနှစ် တွင် စတင်အကောင်အထည်ဖော်ခဲ့ကြသည်။

 


တိန့်ရှောင်ဖိန်က   မဟာယဉ်ကျေးမှုတော်လှန် ရေးနှင့်ပတ်သက်၍ “ဆန့်ကျင်ဘက်က သင်ခန်းစာ ပေးခဲ့ပါသေးတယ်။ မဟာယဉ်ကျေးမှုတော်လှန်ရေး ရဲ့သင်ခန်းစာမရှိခဲ့ရင်   (၁၁)   ကြိမ်မြောက်   ဗဟို ကော်မတီ    တတိယစုံညီအစည်းအဝေးအတွင်းမှာ အတွေးအခေါ်၊   နိုင်ငံရေး၊   စည်းရုံးရေးလမ်းစဉ်နဲ့ တသီတတန်းကြီးသော  ပေါ်လစီတွေရေးဆွဲချမှတ် နိုင်မှာမဟုတ်ပါဘူး။ မဟာယဉ်ကျေးမှုတော်လှန်ရေး ဟာ ကျွန်တော်တို့ရဲ့ဥစ္စာဓနတွေ ဖြစ်လာခဲ့တယ်”ဟု ဆိုသည်။

 


ကျေးလက်စီးပွားရေးစနစ် အစွမ်းကုန်တွန်းတင်


တရုတ်နိုင်ငံသည်   ပြုပြင်ပြောင်းလဲရေးကို ကျေးလက်မှအစပြုခဲ့သည်။ ကျေးလက်စီးပွားရေးစနစ်ပြုပြင်ပြောင်းလဲရေးကို   အစွမ်းကုန်တွန်းတင် ပေးခဲ့သည်။  လယ်ယာကဏ္ဍတွင်   အိမ်ထောင်စု အလိုက် ကန်ထရိုက်ယူထုတ်လုပ်ရေးစနစ်ကို   နိုင်ငံ အနှံ့    အလျင်အမြန်တိုးတက်ထွန်းကားစေရန် ဆောင်ရွက်ခဲ့သည်။  ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် လယ်သမားများ၏ တက်ကြွမှုကိုဖော်ထုတ်ပေးနိုင် ခဲ့သည်။

 


တရုတ်နိုင်ငံ၏   ရိက္ခာပြဿနာကို    အခြေခံ အားဖြင့်        ပြေလည်မှုရရှိလာစေရန်အတွက်မူ လယ်ယာလုပ်ငန်းတွင်     ထူးချွန်သည့်လူတော် လူကောင်းများကို ဂရုတစိုက်မွေးမြူခြင်း၊ လယ်ယာ လုပ်ငန်းဆိုင်ရာ    သိပ္ပံပညာရပ်စူးစမ်းလေ့လာရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းတို့ကို ကွင်းဆက်ကျကျ ဆက်စပ်အကောင်အထည်ဖော်ခဲ့သည်။

 


တရုတ်အစိုးရ၏  လယ်ယာလုပ်ငန်းဆိုင်ရာ သိပ္ပံပညာစူးစမ်းလေ့လာရေးအတွက် ရင်းနှီးမြှုပ်နှံမှု သည်   ၂၀  ရာစု   ၁၉၈၀-၁၉၉၀    ပြည့်နှစ်များတွင် တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး ထိုနောက်ပိုင်းတွင် တစ်ရှိန်ထိုးတိုးတက်လာခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု တရုတ် ယွမ်ငွေ ၂ ဒသမ ၉ ဘီလီယံ သာရှိခဲ့ရာမှ ၂၀၀၅ ခုနှစ်အရောက်တွင် ၁၃ ဘီလီယံ အထိ တိုးတက်လာသည်။ အကျိုးဆက်အားဖြင့် တစ်မျိုးနှင့်တစ်မျိုး ကူးစပ်ပေးထားသည့် ကပြား စပါးမျိုးစေ့စိုက်ပျိုးရေးနည်းပညာ    ပေါ်ထွက်လာ ခဲ့ပြီး ကပြားမျိုးစပါးဖြင့် လူဦးရေသန်း ၆၀ အထိ ကျွေးမွေးလာနိုင်ခဲ့သည်။

 


လက်ရှိကာလတွင်လည်း   တရုတ်နိုင်ငံသည် စားနပ်ရိက္ခာလုံခြုံရေးပြဿနာကို   အာမခံနိုင်ရေး အတွက် အဓိကအားဖြင့်ပေါ်လစီ၊ ရင်းနှီးမြှုပ်နှံမှုနှင့် သိပ္ပံနှင့်နည်းပညာကိုမှီခိုအားထား၍    မောင်းနှင် လျက်ရှိသည်။

 


ကျေးလက်ပြုပြင်ပြောင်းလဲရေး အောင်မြင်မှု ရရှိပြီးနောက်တွင်  မြို့ပြရှိ   နိုင်ငံတော်ပိုင်လုပ်ငန်း များပြုပြင်ပြောင်းလဲရေးကို   ဘက်စုံဆောင်ရွက်ခဲ့ ပြန်သည်။  လုပ်ငန်းများ၏  ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို တိုးချဲ့ရာတွင်     ကန်ထရိုက်ယူတာဝန်ခံသည့်စနစ် ကို  ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးခြင်း၊    အလုပ် သမားခန့်အပ်မှုစနစ်ကို      ပြုပြင်ပြောင်းလဲခြင်း၊ စက်ရုံမှူးတာဝန်ခံမှု ကျင့်သုံးသည့်အခြေခံပေါ်တွင် တဖြည်းဖြည်းချင်း   အစုရှယ်ယာစနစ်ကို  စတင် စမ်းသပ်လုပ်ဆောင်ခြင်း၊ ပစ္စည်းပိုင်ဆိုင်ခွင့် ပြောင်းလဲရေးကို စမ်းသပ်လုပ်ဆောင်ခြင်း စသည် ဖြင့် ပြုပြင်ပြောင်းလဲလုပ်ဆောင်ခဲ့သည်။ 

 


ကုန်ထုတ်စွမ်းအားစုများတိုးတက်လာ


အကျိုးဆက်အားဖြင့် အရင်းအနှီး၊ နည်းပညာ နှင့်  အသိပညာ  စသည့်ကုန်ထုတ်လုပ်ရေးဆိုင်ရာ အရေးပါသော   အကြောင်းအချက်များမှာ    ပိုမို လွတ်လပ်လာ၍  လုပ်ငန်းရှင်များ၏    တက်ကြွမှု၊ တီထွင်ဖန်တီးမှုတို့ဖြင့်    ကုန်ထုတ်စွမ်းအားစုများတိုးတက်လာခဲ့သည်။

 


တရုတ်နိုင်ငံ၏ တံခါးဖွင့်လုပ်ဆောင်ချက်ကို ပြန်ပြောင်းလေ့လာကြည့်လျှင်မူ  စီးပွားရေး အထူး ဒေသထူထောင်မှုက မြစ်ဖျားခံခဲ့သည်ဟုဆိုရမည်။ ၁၉၇၄  ခုနှစ် ဧပြီလတွင် တရုတ်ကွန်မြူနစ်ပါတီ စန်းတုန်းပြည်နယ်       ပြည်နယ်ကော်မတီက ဗဟိုကော်မတီသို့    ဟောင်ကောင်၊   မကာအိုတို့နှင့် နယ်နိမိတ်ချင်းစပ်နေသည့် စင်းကျင့်၊ ကျူးဟိုင်တို့ တွင် ပြည်ပပို့ကုန် အချောကိုင် ဒေသထူထောင်ရေးကို တင်ပြခဲ့ကြသည်။

 


တံငါရွာလေးသည် ခေတ်မီမြို့ပြတစ်ခု
အသွင်အပြင်ဖြစ်လာခဲ့


တိန့်ရှောင်ဖိန်က “ဗဟိုမှာတော့  ငွေမရှိဘူး။ ရဲဘော်တို့ဘာသာ ကိုယ်တိုင်သွားရောက်လုပ်ဆောင် ကြပါ။ ရှေ့ဆောင်လမ်းပြအဖြစ် လုပ်ပြကြပါ”ဟု ခွင့်ပြုကြောင်း     ချက်ချင်းအဖြေပေးခဲ့လေသည်။ အထူးဒေသ၏     အသက်ရှင်သန်စွမ်းအားသည်   အလွန်လျင်မြန်စွာ    တိုးတက်ပေါ်ထွက်လာသည်။    သုံး၊ လေးနှစ်အတွင်း ယခင်က တံငါရွာလေးသည် မိုးအထိ အဆောက်အအုံများစွာဖြင့် ခေတ်မီမြို့ပြ တစ်ခု၏ အသွင်အပြင်ဖြစ်လာခဲ့သည်။

 


၁၉၈၄ ခုနှစ်တွင် တိန့်ရှောင်ဖိန်သည် အထူး ဒေသသို့ ကိုယ်တိုင်လာရောက် ကြည့်ရှုစစ်ဆေးပြီး နောက်   “အထူးဒေသဟာ   ပြတင်းပေါက်တစ်ခု ဖြစ်တယ်။ အတတ်ပညာတွေရဲ့ပြတင်းပေါက်၊ စီမံ အုပ်ချုပ်မှုရဲ့ပြတင်းပေါက်၊         အသိပညာတွေရဲ့ ပြတင်းပေါက်ဖြစ်သလို ပြည်ပပေါ်လစီရဲ့ ပြတင်း ပေါက်လည်းဖြစ်တယ်”ဟု       အသိအမှတ်ပြု ပြောကြားခဲ့သည်။ ထို့နောက်တွင် တရုတ်နိုင်ငံ၏ စီးပွားရေးအထူးဒေသများသည်   ပင်လယ်ကမ်းရိုး တန်းတစ်လျှောက်၊ မြစ်ကမ်းတစ်လျှောက်မှ နယ်စပ် ဒေသနှင့် ကုန်းတွင်းပိုင်းဒေသများအထိ ကျယ်ပြော လာပြီး ပြည်ပတံခါးဖွင့်အခင်းအကျင်းမှာလည်း   တစ်စတစ်စဖြစ်ထွန်းအောင်မြင်လာခဲ့သည်။ 

 


တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များနှင့်ပတ်သက်၍ ပြည်တွင်းပြည်ပ ပညာရှင် များက ပြန်ပြောင်းသုံးသပ်ကြရာတွင် ကျေးလက် မိသားစုအလိုက် ကန်ထရိုက်ယူတာဝန်ခံရေးစနစ် သည်  လယ်သမားထု ဝမ်းဝခါးလှရေးလောက်သာ ကနဦးရည်မှန်းချက်အဖြစ်   ထားရှိခဲ့သော်လည်း တကယ်တမ်းအားဖြင့် လယ်သမားထု၏ တက်ကြွမှု ကို  လှန့်နှိုးလိုက်ပြီး   နှစ်ပေါင်းများစွာထိန်းချုပ်ခံထားရသည့်   ကျေးလက်ကုန်ထုတ်စွမ်းအားစုကို အလျင်အမြန်လွတ်မြောက်စေခဲ့ကြောင်း၊ တရုတ် ပြည်သူတို့ကို    နှစ်ပေါင်းများစွာ   ဒုက္ခပေးခဲ့သည့် ဝမ်းမဝခါးမလှဖြစ်ခဲ့ရသည့်ပြဿနာကို   အချိန်တို အတွင်း    အခြေခံအားဖြင့်ဖြေရှင်းနိုင်ခဲ့ကြောင်း၊ လယ်ယာလုပ်ငန်းတွင်ဆက်တိုက် သီးထွက်ကောင်း ခဲ့၍ ပျော်ရွှင်ချမ်းမြေ့မှုများကို  ရရှိစေခဲ့ကြောင်းဆိုကြ သည်။

 


မြို့နယ်စီးပွားရေး   လုပ်ငန်းများမှာလည်း တရုတ်နိုင်ငံ စီးပွားရေးတစ်ဟုန်ထိုးတိုးတက် လာမှု အတွင်း   ကွင်းဆက်ကျသည့်အခန်းကဏ္ဍတွင်ရှိခဲ့သည်ဟုယူဆခဲ့ကြသည်။ 

 


ထို့အတူ စီးပွားရေးအထူးဇုန်များနှင့် အထူး ဒေသများသည်   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စုစည်းဝင်ရောက်စေသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များက  ဒေသခံများကို အလုပ်အကိုင်အခွင့်အလမ်း များရရှိစေရုံမက ခေတ်မီနည်းပညာနှင့်စီမံအုပ်ချုပ် မှုအတွေ့အကြုံများကို ရရှိစေခဲ့သည်ဟု သုံးသပ် ခဲ့ကြသည်။

 


တရုတ်နိုင်ငံ၏  ဂျီဒီပီပျမ်းမျှတိုးတက်မှုနှုန်းမှာလည်း ၁၉၇၈ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နှစ်ပေါင်း ၃၀ အတွင်း ၉ ဒသမ ၈ အထိရှိလာခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဂျီဒီပီသည်  အမေရိကန် ဒေါ်လာ ၃၀၀၀ အထိဖြစ်လာသည်။ ၂၀၁၀ ပြည့်နှစ် တွင်မူ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးအင်အား ကြီးနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဂျပန်ကို ကျော်ဖြတ်ကာ စီးပွားရေးအင်အားအရ       ကမ္ဘာ့ဒုတိယအင်အား အကြီးဆုံးနိုင်ငံအဖြစ် တက်လှမ်းလာနိုင်ခဲ့သည်။

 

 
ကမ္ဘာ့အဆင့်တစ်တွင် ရပ်တည်လျက်ရှိ


လက်ရှိကျင်းပဆဲ       တရုတ်ကွန်မြူနစ်ပါတီ အကြိမ်(၂၀)မြောက် နိုင်ငံလုံးဆိုင်ရာ ကိုယ်စားလှယ် များညီလာခံတွင်  ဗဟိုကော်မတီကိုယ်စား    ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်တင်ပြသည့် အစီရင်ခံစာတွင်မူ ၂၀၁၃ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ တရုတ်နိုင်ငံ၏ ဂျီဒီပီသည် နှစ်စဉ်ပျမ်းမျှ ၆ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်လာပြီး ကာလတူ ကမ္ဘာကြီး၏ ပျမ်းမျှတိုးတက်မှုနှုန်း ၂  ဒသမ   ၆ ရာခိုင်နှုန်းနှင့် ဖွံ့ဖြိုးဆဲစီးပွားရေးအုပ်စု၏ ပျမ်းမျှတိုးတက်မှုနှုန်း ၃ ဒသမ၇ ရာခိုင်နှုန်းထက်မြင့်ကာ ကမ္ဘာ့စီးပွားရေး တိုးတက်မှုအတွက်  ပျမ်းမျှအကျိုးထမ်းဆောင်မှု နှုန်းသည် ၃၀   ရာခိုင်နှုန်းထက်ကျော်ပြီး    ကမ္ဘာ့ အဆင့်တစ်တွင် ရပ်တည်လျက်ရှိကြောင်းဖော်ပြ ထားသည်။

 


တရုတ်ပြည်သူ့သမ္မတနိုင်ငံနည်းတူ ကိုရီးယား သမ္မတနိုင်ငံသည်လည်း      လက်ရှိနိုင်ငံ့အဆင့် အတန်းဖြစ်တည်လာစေရန် ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် ပို့ကုန်ပထမမူဝါဒကို အလေးပေးဆောင်ရွက် ခဲ့ကြသည်။    

 


ကိုရီးယားတို့က   သူတို့နိုင်ငံ၏     ကျေးလက် ဒေသဖွံ့ဖြိုးရေးကို   ကိုရီးယားဘာသာစကားဖြင့် ဆေမြူအန်တုန်(Saemaul Undong)ဟု ခေါ်ဆို ကြသည်။ ၁၉၆၂ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ငါးနှစ် စီမံကိန်းနှစ်ကြိမ်ဆောင်ရွက်ခဲ့ကြရာ         ထိုစီမံကိန်း က   ကိုရီးယားနိုင်ငံ၏ဖွံ့ဖြိုးရေးအတွက် အခြေခံ အခင်းအကျင်းများရရှိစေခဲ့သည်ဟု ဆိုသည်။

 


အသိဉာဏ်ဖွံ့ဖြိုး တိုးတက်ရေးကို 
အလေးထား ဆောင်ရွက်


စီမံကိန်းများကို       အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး စီမံ ချက်ခေါင်းဆောင်များကိုခန့်အပ်ကာ ကျေးလက် နေပြည်သူတို့နှင့်အတူ သွားရောက်နေထိုင်စေပြီး ပူးပေါင်းဆောင်ရွက်စေခဲ့သည်။ ထိုသို့ဆောင်ရွက် ရာတွင်       ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးရေးသာမက ကျေးလက်နေပြည်သူတို့၏         အသိဉာဏ်ဖွံ့ဖြိုး တိုးတက်ရေးကိုပါ    အလေးထား   ဆောင်ရွက်ခဲ့  ကြသည်။    ကျေးလက်ပြည်သူများ   အသိဉာဏ်  ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွင်      ကျေးလက်ဒေသရှိ  ကျောင်းဆရာ ဆရာမတို့၏  အကူအညီအပြင်     လူမှုဝန်ထမ်းအဖွဲ့များနှင့်ပါ ပူးပေါင်းဆောင်ရွက် ခဲ့ကြသည်။ 

 


အဆိုပါကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသည်   ကိုရီးယားသမ္မတနိုင်ငံ၏   ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးအတွက်   အင်အားတစ်ရပ်ဖြစ်ခဲ့လေ သည်။   ကျေးလက်နှင့်မြို့ပြအကြား    ကွာဟမှု  အလွန် နည်းပါးသောနိုင်ငံအဖြစ်သို့  တက်လှမ်းစေ ခဲ့သည်။

 


ကိုရီးယားတို့သည်   နိုင်ငံစီးပွားရေးတိုးတက် ရန်   စတင်လုပ်ဆောင်စဉ်က    ငွေကြေးဓန တောင့်တင်းမှုမရှိသောကြောင့်  ပို့ကုန်ပထမ မူဝါဒ ကို  ကျင့်သုံးခဲ့ရပြန်ပါသည်။ ၁၉၆၂ ခုနှစ်က ကိုရီးယား သမ္မတနိုင်ငံ၏ အဓိကပို့ကုန်ပစ္စည်းများမှာ  ရော်ဘာ ဖိနပ်၊ ဆေးဆိုးပန်းရိုက်အထည်များ၊ ကလေးကစား စရာပစ္စည်းများနှင့်  သတ္တုပစ္စည်း   အချို့သာဖြစ် သည်။ နိုင်ငံတွင်   သယံဇာတမည်မည်ရရ  မရှိ၍ ပို့ကုန်အမည်    အရေအတွက်မှာလည်း  မများ လှပေ။

 


ခေတ်မီထွန်းသစ်စ စက်မှုနိုင်ငံတစ်နိုင်ငံဖြစ်လာ


၁၉၈၀ ပြည့်နှစ်တွင်မူ စက်မှုဆိုင်ရာ ပုံဖော်မှု အပိုင်းကိုဦးစားပေး၍ အသေးစားနှင့် အလတ်စား (SMEs) လုပ်ငန်းများကို စွန့်စားလုပ်ဆောင်လာခဲ့ကြ ရာမှ    ခေတ်မီထွန်းသစ်စ    စက်မှုနိုင်ငံတစ်နိုင်ငံ ဖြစ်လာသည်။ ၁၉၉၀ ပြည့်နှစ်ခန့်တွင် ဈေးကွက်ဖွင့် ၍ လွတ်လပ်သော  ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလာခဲ့ရာမှ    အာရှကျားတစ်ကောင်ဟု တင်စားခံရလောက်အောင် စီးပွားရေးမှာ တစ်ရှိန် ထိုးဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

 


မြန်မာနိုင်ငံတွင်လည်း လက်ရှိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရသည်    စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်း ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်ပ အစားထိုးသွင်းကုန်များကို    မိမိနိုင်ငံအတွင်း၌ အရည်အသွေးမီထုတ်လုပ်ခြင်းနှင့် ပြည်ပသို့တင်ပို့ နိုင်ရေးတို့အတွက် ပံ့ပိုးကူညီအားပေးဆောင်ရွက် လျက်ရှိသည်။ 

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယခုအောက်တိုဘာလအတွင်း ရန်ကုန်၊ ပြည်၊ မော်လမြိုင်မြို့များသို့ သွားရောက်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး  (MSME)   လုပ်ငန်းရှင်များ အား တွေ့ဆုံ၍   စီးပွားရေးလုပ်ငန်းများ    ဖွံ့ဖြိုး တိုးတက်ရေးအတွက်    ဆွေးနွေး  ပြောကြား ခဲ့သည်။

 


နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေ


MSME လုပ်ငန်းများသည်   ပြည်တွင်းကုန် ထုတ်လုပ်မှုလုပ်ငန်းတွင်    အရေးအပါဆုံးအခန်း ကဏ္ဍတွင် ပါဝင်ပြီး    နိုင်ငံအတွက်  များစွာအကျိုး ဖြစ်ထွန်းစေ၍ နိုင်ငံတော်က  MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးဆောင်ရွက်နေခြင်း ဖြစ်သည်။

 


တကယ်တော့ လက်တွေ့ဝါဒီ တိန့်ရှောင်ဖိန်၏ ဒဿနကဲ့သို့ လူတစ်ဦးချင်းအတွက်ဖြစ်စေ၊ အဖွဲ့ အစည်းတစ်ရပ်အတွက်ဖြစ်စေ၊နိုင်ငံတစ်နိုင်ငံ အတွက်ဖြစ်စေ ချမ်းသာကြွယ်ဝခြင်းက ဂုဏ်ရှိပါ သည်။ အကြောင်းကြောင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်ခဲ့ရသည့် အမိမြန်မာနိုင်ငံတော် ကြီး၏   ချမ်းသာကြွယ်ဝရေးကို    မမေ့မလျော့ သတိချပ်စေချင်ပါသည်။ 
ရှေ့သို့ချီမည်  ပန်းတိုင်ဆီ   (Keep Moving Forward to Achieve Our Goal)သို့ လျှောက်လှမ်း ရာတွင် နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံး တက်ညီ လက်ညီ ဦးထမ်းပဲ့ထမ်းကြိုးပမ်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ပါရန် တိုက်တွန်းနှိုးဆော်လိုက်ရ ပါသည်။       ။