ရန်ကုန် အောက်တိုဘာ ၂၁
အင်ဒိုနီရှားနိုင်ငံ ဘာလီ၌ အောက်တိုဘာ ၁၃ ရက်မှ ၂၂ ရက် အထိ ကျင်းပသည့် ၂၀၂၂ ခုနှစ် အာရှသက်တမ်းအလိုက် လူငယ် တံခွန်စိုက်စစ်တုရင်( Asia Youth Chess Championship - 2022) ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုစစ်တုရင် အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ မြန်မာမှ လူငယ်ကစားသမားအသက် ၁၈ အောက်တွင် စိုင်းဟန်သီဟ၊ အသက် ၁၆ နှစ်အောက်တွင် ဇော်ရဲထွဋ်၊ အသက် ၁၀ နှစ် အောက်တွင် ဟိန်းသန့်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းပြိုင်ပွဲ တွင်အမျိုးသား အသက် ၁၈ နှစ် အောက်ပြိုင်ပွဲတွင် စိုင်းဟန်သီဟ က ကိုးပွဲကစား သုံးပွဲနိုင်၊ လေးပွဲ သရေ၊ နှစ်ပွဲရှုံးဖြင့် ငါးမှတ်ရရှိခဲ့ ပြီး Fial Ranking ၁၂ ဖြင့် ရရှိခဲ့ပြီး အမျိုးသား အသက် ၁၆ နှစ်အောက် ပွဲစဉ်တွင် ဇော်ရဲထွဋ်က ကိုးပွဲ ကစား သုံးပွဲနိုင်လေးပွဲသရေ နှစ်ပွဲ ရှုံး ငါးမှတ်ဖြင့်Fial Ranking ၁၇ ရရှိခဲ့ကာ အသက် ၁၀ နှစ်အောက် တွင် ပြိုင်ပွဲဝင် ၅၆ ဦးတွင် ဟိန်းသန့်က အဆင့် ၅၂ ရရှိခဲ့ ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး အသက် ၈ နှစ်၊ ၁၀ နှစ်၊ ၁၂ နှစ်၊ ၁၄ နှစ်၊ ၁၆ နှစ်၊ ၁၈နှစ် ပါဝင်ခဲ့ပြီး မြန်မာမှ ပြိုင်ပွဲသုံးမျိုး သာ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။ “ဒီပြိုင်ပွဲပြီးသွားရင် ချင်းမိုင်မှာကျင်းပမယ့် ထိုင်းအိုးပင်း ပြိုင်ပွဲရှိတယ်။ အဲဒီပြိုင်ပွဲကိုလည်း သွားပြိုင်မယ်။ ဒါ့အပြင် နိုဝင်ဘာ လဆန်းမှာ ဘန်ကောက်မှာ အရှေ့ အာရှ လူငယ်ပြိုင်ပွဲရှိတယ်။ လူငယ်ကစားသမားတွေ သွားပြိုင် ကြမယ်။ အဲဒီမှာ ချန်ပီယံဖြစ်ရင် တော့ အင်တာနေရှင်နယ် မာစတာ တိုင်တယ်ကို တိုက်ရိုက်ရတဲ့အထိ ကို အခွင့်အရေးရှိတော့ ဒါက သူတို့အတွက် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင် မောင်လွင် ကပြောသည်။
ယင်းပြိုင်ပွဲတွင် မြန်မာ၊ အင်ဒို နီရှား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မွန်ဂိုလီယား၊ ကာဇက်စတန်၊ မလေးရှား၊ ထိုင်း၊ အီရန်၊ ဩစတေးလျ၊ စင်ကာပူ၊ နယူးဇီလန်၊မော်ဒိုက်၊စရီလန်ကာနိုင်ငံမှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
အာကာစိုး



