နေပြည်တော် အောက်တိုဘာ ၂၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai နှင့်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရှိ အဆိုပါဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေမှု၊ မြန်မာ နိုင်ငံအတွင်းသို့ အကြောင်းအမျိုး မျိုးဖြင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ၏ ပြည်ဝင် ဗီဇာနှင့် နေခွင့်သက်တမ်းဆိုင်ရာ ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်း နှင့်အညီ စီစဉ်ဆောင်ရွက်ပေးမှု၊ တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ပစ္စည်းများ ထောက်ပံ့ပေးမှုနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ် တွင် ပံ့ပိုးကူညီဆောင်ရွက်ပေးမှု၊ မြန်မာနိုင်ငံရှိ တရုတ်ကုန်သည် ကြီးများအသင်းနှင့် တရုတ်နွယ်ဖွား များနှင့်ပတ်သက်၍ ဥပဒေနှင့် အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင် ရေးအခြေအနေများ၊ နယ်စပ်ဒေသ အပါအဝင် မြန်မာ-တရုတ်နှစ်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး လုပ်ငန်းများ အကျိုးတူပူးပေါင်း ဆောင်ရွက် နိုင်ရေး အခြေအနေများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြ သည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်



