မန္တလေး အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ မန္တလေး စက်မှုဇုန် (၁) ရှိ မြစ်ဝါသစ်အချောထည်စက်ရုံသို့ ယနေ့နံနက်ပိုင်းက သွားရောက်ကာ စက်ရုံ၏ ကုန်ထုတ် လုပ်မှု အခြေအနေများကို ကြည့်ရှုသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စက်ရုံအတွင်းကုန်ကြမ်းမှ ကုန်ချောအထိ အဆင့်ဆင့်ထုတ်လုပ်နေမှုများ၊ ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ်ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု ကာ လုပ်ငန်းရှင်နှင့် အလုပ်သမားများအား တွေ့ဆုံ ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်ကူပြု သည့် ပြည်တွင်းမှ လုပ်ငန်းရှင်များကို အားပေးလျက် ရှိကြောင်း၊ တွေ့ကြုံရသည့် အခက်အခဲများကို မှန်မှန်ကန်ကန်ဖြင့် ပွင့်လင်းမြင်သာစွာ တင်ပြပေး ရန်လိုကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာမှသာ ပြည်သူများ အလုပ်အကိုင် အခွင့်လမ်းများ ရရှိလာမည်ဖြစ်ကြောင်း၊ အစိုးရ၊ ဌာနဆိုင်ရာနှင့် လုပ်ငန်းရှင်များ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များမှလည်း အလုပ်သမားများ၏ ဘဝကို မြှင့်တင်ပေးရန်လိုအပ်ကြောင်း၊ ရိုးရာလက်မှုအတတ် ပညာကို လက်ဆင့်ကမ်းထိန်းသိမ်းရင်း ခေတ်စနစ် နှင့်အညီ နည်းပညာများကို လေ့လာကြိုးစားသင်ယူ ကြရမည်ဖြစ်ကြောင်း၊ ကုန်ကြမ်းများမှာ မြန်မာ့ အဖိုးတန်သစ်များကိုအခြေခံပြီး တန်းဖိုးမြှင့် ပရိဘောဂများ ထုတ်လုပ်နေသည့်အတွက် ဘေးထွက် ပစ္စည်းများကို အလေအလွင့်မဖြစ်စေဘဲ စနစ်တကျ အသုံးချစေလိုကြောင်း ပြောကြားပြီး ရင်းနှီးစွာ နှုတ်ဆက်သည်။
အဆိုပါ မြစ်ဝါသစ်အချောထည် စက်ရုံကို ၁၉၉၉ ခုနှစ်ကစတင်ခဲ့ပြီး ထုတ်လုပ်မှုအနေဖြင့် ပါကေး၊ ပရိဘောဂပစ္စည်း၊ တံခါး၊ ဆက်တီမျိုးစုံ တို့ကို ထုတ်လုပ်လျက်ရှိပြီး ပြည်တွင်း ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်ကြီးမြို့နယ် ဘိုတက်ကုန်းကျေးရွာ အုပ်စု သန့်ဇင်ကုန်းကျေးရွာရှိ ၂၀၂၀ ပြည့်နှစ်က စတင်ဖွင့်လှစ်ခဲ့သည့် မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီ၏ မြို့တော်ပန်းဈေးသို့ ရောက်ရှိပြီး ရောင်းဝယ်ဖောက်ကားနေမှုနှင့် ပန်းစိုက် တောင်သူများ၏ အခြေအနေများကို တွေ့ဆုံမေးမြန်း ကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေး ကြောင်း သိရသည်။
သတင်းစဉ်



