နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအင်္ကုရ ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇော်ပွဲကျင်းပ

 

မန္တလေး  အောက်တိုဘာ  ၁၅


၂၀၂၂ ခုနှစ် အောက်တိုဘာ ၉ ရက် နံနက် ၈ နာရီ ၄၁ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားသော မဟာအောင်မြေမြို့နယ်    ရတနာဘုမ္မိအနောက် ရပ်ကွက်    မဏိရတနာမြတောင်ကျောင်းတိုက်၏ အဓိပတိမဟာနာယက   နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအင်္ကုရ သက်တော်(၉၀)နှစ်၊ သိက္ခာတော်(၇၀)ဝါရှိ      မဟာထေရ်မြတ်ကြီး၏ ကြွင်းကျန်ရစ်သော    ဥတုဇရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇော်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စီးပွားရေးရာ ဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုး အောင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ တိုင်းဒေသ ကြီး    ဥပဒေချုပ်   ဦးမြင့်အောင်နှင့် တာဝန်ရှိသူများ၊   ဆွေတော်မျိုးတော်များ၊ ဒါယကာ၊ ဒါယိကာမများ စုံညီစွာ တက်ရောက်ဖူးမြော်ကြသည်။

 


ဦးစွာ ဆရာတော်၊ သံဃာတော်များ အမှူးပြု၍ဧည့်ပရိသတ်များက“အနိစ္စာဝတ သင်္ခါရာ”စသော သုံးဂါထာရွတ်ဆိုကာ   အခမ်းအနားကို ဖွင့်လှစ်ပြီး နောက်   နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့   ဗန်းမော်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု၊    အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက   ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ 

 


ဆက်လက်၍ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိ အကျဉ်းကို     မြတောင်တိုက်အကျိုးတော်ဆောင် ပဒေသာရွှေကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တရာဇိန္ဒာဘိဝံသက လည်းကောင်း၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှ    ပေးပို့ဆက်ကပ်သည့် သံဝေဂဉာဏ်ပွားတော်မူကြောင်း     သဝဏ်လွှာကို နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင် မစိုးရိမ်တိုက်သစ်၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော်       အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသကလည်းကောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊   သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ   ဆက်ကပ်ပေးပို့သည့် ဝမ်းနည်းကြောင်း    သဝဏ်လွှာကို   မန္တလေးတိုင်း ဒေသကြီး     လူမှုရေးရာဝန်ကြီး    ဦးယဉ်ထွေးက လည်းကောင်း၊   ဆရာတော်ကြီး၏   ဂုဏကိတ္တန သံဝေဂဂါထာများကို     မြတောင်တိုက်ရွှေဝါဝင်း ကျောင်း ဦးဉာဏောဒယက လည်းကောင်း အသီးသီး ရွတ်ဖတ်ပူဇော်ကြပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်  တပည့်ဒါယကာ၊ ဒါယိကာမများ က ဆရာတော်အရှင်သူမြတ်များကို သင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများ      ဆက်ကပ်လှူဒါန်းကြကာ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဂ္ဂမဟာပဏ္ဍိတ၊ မြတောင်ကျောင်းတိုက် ဩဝါဒါစရိယ သာယာဝင်း ဆရာတော်ထံမှ သံဝေဂကထာနာကြား၍ လှူဒါန်းမှု အစုစုအတွက်    ရေစက်သွန်းချ    အမျှပေးဝေကြ သည်။

 


ထို့နောက် မြတောင်တိုက် စံကင်းမြိုင်ကျောင်း ဆရာတော် ဘဒ္ဒန္တဇနကမှ အပြစ်ရှိက ခွင့်လွှတ်တော် မူပါရန် လျှောက်ထားသည့် ဂါထာဖြင့်လည်းကောင်း၊ မြတောင်တိုက် ရန်ကုန်ကျောင်းဆရာတော် ဘဒ္ဒန္တ နန္ဒမေဓာက  ပစ္ဆိမဝန္ဒနာဂါထာဖြင့်  လည်းကောင်း ရွတ်ဖတ်ပူဇော်ကန်တော့ပြီးနောက်   ရွှေတောင်မြို့ မန္တလေးကျောင်းဆရာတော် ဦးသောဘိတမှ အပြစ်ရှိ က ခွင့်လွှတ်တော်မူပါရန် ဝန်ချတောင်းပန်ကန်တော့ လွှာကို တပည့် သံဃာ၊ ဒါယကာ၊ ဒါယိကာမများအား ရှေ့မှ တိုင်ကြားပေးခြင်းကိုလည်းကောင်း အစီအစဉ် အတိုင်း ဆောင်ရွက်ကြပြီးနောက် မဟာအောင်မြေ မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တအဂ္ဂဓမ္မ  မြတောင် တိုက် ခေမာဝင်းကျောင်းဆရာတော်က ဆရာတော် ကြီးအား      ကရဝိတ်ဖောင်တော်မြတ်ယာဉ်ပေါ်သို့ လိုက်ပါကြွတော်မူပါရန် အဘိယာစန နိမန္တနဂါထာ ကို   ရွတ်ဖတ်ပူဇော်ကာ  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပည့်သံဃာတော်များ၊  ဆွေတော်မျိုးတော်များက    ပင့်ဆောင်ပူဇော်ကြပြီး မဏိရတနာမြတောင်ကျောင်းတိုက်မှ   အန္တိမအဂ္ဂိ   ဈာပနသာဓုကီဠန    ပူဇော်ကျင်းပသည့်  အေးရိပ်ငြိမ်း သုသာန် တေဇောဓာတ်ပူဇော်မည့်နေရာသို့ ပင့်ဆောင် ၍ တေဇောဓာတ်မီးပူဇော်ကာ ဆရာတော်     သံဃာ တော်များနှင့်   ဧည့်ပရိသတ်တို့က အနိစ္စာဝတသင်္ခါရာ အစရှိသော သုံးဂါထာကို ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းနှင့် ကြွင်းကျန်ရစ်သော အရိုးပြာ များကို အောက်တိုဘာ ၁၆ ရက်တွင် ဧရာဝတီမြစ် အတွင်း    ရေမျောပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။                                    
     

သတင်းစဉ်