ရန်ကုန် အောက်တိုဘာ ၁၃
မြန်မာ့အလင်းသတင်းစာ မြို့နယ်သတင်းထောက်များ လူမှုကူညီရေးအဖွဲ့ဝင်အသက် ၇၅ နှစ်နှင့်အထက် သက်ကြီး သတင်းထောက်ကြီးများအား ပဉ္စမအကြိမ်မြောက်ကန်တော့ပွဲ ကျင်းပနိုင်ရေးနှင့် စုံညီအစည်းအဝေး ကျင်းပနိုင်ရေးအတွက် အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးကို အောက်တိုဘာ ၁၁ ရက်က အလုံမြို့နယ် ကမ်းနားလမ်းရှိ ရွှေမြို့တော် စားသောက်ဆိုင်(နယူးဒေလီ)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အဖွဲ့နာယက ဦးသန်းမောင်(ရန်ကင်း)က အမှာစကားပြောကြားပြီး ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်း (သန်လျင်) က ပဉ္စမအကြိမ် မြောက် သက်ကြီးပူဇော်ပွဲကျင်းပ နိုင်ရေးနှင့် နှစ်ပတ်လည် စုံညီအစည်းအဝေးကျင်းနိုင်ရေး အတွက် တင်ပြခဲ့သည်။
ထို့နောက်အတွင်းရေးမှူး ဦးတင်ဝင်း(ကြည့်မြင်တိုင်)က ငွေစာရင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို တင်ပြ ဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြသည်။
ပဉ္စမအကြိမ်မြောက်ပူဇော်ကန်တော့ပွဲနှင့် နှစ်ပတ်လည် စုံညီအစည်းအဝေးကို နိုဝင်ဘာ ၂၇ ရက် (တနင်္ဂနွေနေ့)နံနက် ၉ နာရီတွင် ကျင်းပမည်ဖြစ်ပြီး ကျင်းပမည့်နေရာကို ထပ်မံကြေညာပေးမည်ဖြစ်သည်။ ယခုနှစ်တွင် အသက် ၁၀၃ နှစ်ရှိ သတင်းထောက်ကြီးတစ်ဦးအပါအဝင် အသက် ၇၅ နှစ် နှင့်အထက် သတင်းထောက်ကြီး ၁၇ ဦးတို့ကို ကန်တော့မည် ဖြစ်သည်။
ကန်တော့ပွဲကျင်းပနိုင်ရေးအတွက် တာချီလိတ်မြို့နယ်မှ သတင်းထောက် ဦးအောင်ဖြိုးရှိန်(မောင်ယဉ်ကျေး) က အသက်အကြီးဆုံး ကန်တော့ခံ သတင်းထောက်ကြီးအား ငွေကျပ် ၁၀၀၀၀၀ နှင့် ကျန် ကန်တော့ခံတစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ စီဖြင့် စုစုပေါင်းငွေကျပ် ၅၈၀၀၀၀ ကို ပေးလှူထား ပြီး အစည်းအဝေး၌ သူဇာနွယ်(ဖျာပုံ)က ငွေကျပ် ၁၀၀၀၀၀၊ ဦးသန်းမောင်(ရန်ကင်း)နှင့် ဦးဟန်သိန်း(ဟန်သိန်း-သဇ္ဇန)တို့က ငွေကျပ် ၅၀၀၀၀ နှင့် ဦးအောင်စိုး(အလုံ)က ငွေကျပ် ၂၀၀၀၀ တို့ကိုလှူဒါန်းပေးခဲ့ကြသည်။
ကန်တော့ပွဲအတွက် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်း (သန်လျင်) ဖုန်း- ၀၉ ၂၅၀၂၆၆၆၀၉ နှင့် အတွင်းရေးမှူး ဦးတင်ဝင်း (ကြည့်မြင်တိုင်) ၀၉-၇၇၇၆၄၂ ၆၉၉ တို့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ကိုကြီးတင်



