၂၀၂၂ ခုနှစ်တွင် ပေါ်ထွန်းလာသော ဆင်ဖြူတော်ကလေး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိ

 

နေပြည်တော်  အောက်တိုဘာ ၈


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ  မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ  ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး)ကလေး တစ်စီးကို ဇူလိုင် ၂၃ ရက်  နံနက် မင်္ဂလာအချိန် ၆ နာရီခွဲ တွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်ကလေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊  ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိသည်။      

 


အဆိုပါ  ဆင်ဖြူတော်ကလေးသည်  ရတနာဆင်ဖြူတော်များ၏   ကြန်အင်လက္ခဏာ   ၈  ချက်အနက်  မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဌာန်ဖြစ်ခြင်း၊ အမွေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊  အရေပြားမှာ   သြဇာကွက်ဖြစ်ခြင်း၊ အသားအရေ ပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ ခုစီနှင့် နောက်ခြေသည်း ၄ ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့်  ရတနာဆင်ဖြူတော်များ၏   ကြန်အင်လက္ခဏာ ၇ ချက် ကိုက်ညီသော ဆင်ဖြူတော်ကလေး ဖြစ်သည်။  

 

 
အထက်ပါ ဆင်ဖြူတော်ကလေးမှာ ယခုအသက် ၂ လခွဲသားတွင် အရပ်အမြင့် ၂ ပေ ၈ လက်မ၊ ကိုယ်လုံးလုံးပတ် ၃ ပေ ၁၀ လက်မ၊ ကိုယ်အလေးချိန် ၂၂၅ ပေါင်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ  ကျန်းမာ ပျော်ရွှင်လျက်ရှိကြောင်းနှင့်   ဆင်ဖြူတော်ကလေးမှာ    ငယ်စဉ်ကတည်းကပင်     လူနှင့်ယဉ်ပါးသည့်  ဆင်ဖြူတော်ကလေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန်  Human Friendly Training စနစ်ဖြင့် လေ့ကျင့်် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။                                                                              

သတင်းစဉ်