
ပြည် အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီးအတွင်း စက်တင်ဘာလကုန်အထိ အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်စဉ်များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားများနှင့်အတူ လက်နက်မျိုးစုံ ၄၂၁ လက်၊ ကျည်/ခဲယမ်းမျိုးစုံ ၁၂၁၆၆ တောင့်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းသို့ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးမြှင့်ဂုဏ်ပြုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်မြို့ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ် နဝဒေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ တက်ရောက်ချီးမြှင့်ကြသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းတို့က ပဲခူးတိုင်းဒေသကြီး အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက် ရာတွင် မိမိလုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားများနှင့်အတူ လက်နက်ခဲယမ်း များစွာ သိမ်းဆည်းရရှိခဲ့မှုအပေါ် ဂုဏ်ပြုစကားများ ပြောကြားကြသည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချီးမြှင့် ငွေကျပ် ၁၁၄ သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းကိုလည်း ကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြု လက်ဆောင်များကိုလည်းကောင်း၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ပြည်)မှ ဂုဏ်ပြုငွေကျပ် ငါးသိန်း၊ ပန်းတောင်းတပ်နယ်မှ ဂုဏ်ပြုငွေကျပ် ငါးသိန်းနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဂုဏ်ပြု လက်ဆောင်များ ဂုဏ်ပြုချီးမြှင့်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူ များက ဂုဏ်ပြုခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အတူတကွ ရင်းရင်းနှီးနှီး နံနက်စာသုံးဆောင်ကြပြီး ဖမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများအား ကြည့်ရှုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပြည်မြို့ ကမ်းနားလမ်း တိုးချဲ့ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး ပြီး ကျန်ရှိသည့်အပိုင်းအား ဆက်လက်ဆောင်ရွက် နိုင်ရေး တွက်ချက်တင်ပြရန်၊ ကမ်းနားလမ်း တစ်လျှောက် ခွင့်ပြုပေးထားသည့် မြေငှားဂရန်ပါ ဧရိယာအတိုင်း ဆောင်ရွက်ရန်နှင့် ကျော်လွန်အသုံးပြု မှုမရှိစေရေး မြေပြင်ကွင်းဆင်းတိုင်းတာ၍ ပြန်လည် တင်ပြရန် တာဝန်ရှိသူများအား မှာကြားသည်။
သတင်းစဉ်